“မြစ်သာရေလှောင်တမံ စီမံကိန်း၊ ရေ၀ပ်ဧရိယာအတွင်းရှိ ကျေးရွာသားများမှ တမံတည်ဆောက်ရေး လုပ်ငန်းခွင်အား ဆက်လက်မလုပ်ရန်တားဆီး၍ လျော်ကြေးများတောင်းဆို”



ဂန့်ဂေါ၊ ဒီဇင်ဘာ ၇ ။

          မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ပြင်သာကျေးရွာအနီးရှိ မြစ်သာရေလှောင်တမံစီမံကိန်းလုပ်ငန်းခွင်သို့ ၂၀၁၄၊ ဒီဇင်ဘာ ၅ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဆည်မြောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် ၀န်ထမ်းများမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် ကျေးရွာသူ/သားများ နှစ်ဆယ်ဦးက လာရောက် ၍ လုပ်ငန်းခွင့်အားဆက်လက် မလုပ်ဆောင်ရန်တားဆီးကြောင်း မြေလတ်မီဒီယာ သတင်းရရှိသည်။

          ဖြစ်စဉ်မှာ မြစ်သာရေလှောင်တမံ စီမံကိန်း၊ ရေ၀ပ်ဧရိယာအတွင်းရှိ စင်ပုံကျေးရွာ၊ ပနန်းကျေးရွာ၊ ယင်းမာ ကျေးရွာနှင့် စပယ်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးနှင့်အတူ ရွာသူ/သား နှစ်ဆယ်ဦးခန့်တို့သည် မြစ်သာရေလှောင်တမံ စီမံကိန်း လုပ်ငန်းခွင်သို့ လာရောက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်ထံသို့ လုပ်ငန်း များဆက်လက်မလုပ်ဆောင်ရန်တားဆည်းကြောင်း၊ တားဆည်းရခြင်းမှာ ရေ၀ပ်ဧရိယာတွင်းက ကျေးရွာများ ၏ ရပိုင်ခွင့်များ နှင့် နစ်နာကြေးများကို သက်ဆိုင်ရာထံ တောင်းဆိုသွားမည်ဖြစ်၍ လုပ်ငန်းခွင်အား ရပ်ဆိုင်းပေးစေ ရန် တောင်းဆိုကြောင်း တည်ဆောက်ရေး(၈)ဆည်မြောင်းဝန်ထမ်းတစ်ဦးက မြေလတ်မီဒီယာ ကိုပြောသည်။

          ၂၀၁၄၊ ဒီဇင်ဘာ ၆ ရက်၊ နေ့ ၁၂ နာရီအချိန်ခန့်တွင် ရေ၀ပ်ဧရိယာကျေးရွာ လေးရွာမှ ပြည်သူလူထု၏ ဆန္ဒသဘောထား လူထုကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦး လက်မှတ်ထိုး၍ ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့တင်ပြတောင်းဆိုထားကြောင်း၊ ၎င်းတို့ တောင်းဆိုထားသော နစ်နာကြေးများ ညှိုနှိုင်းအဆင်ပြေမှသာ လုပ် ငန်းခွင်အား ဆက်လက်လုပ်ဆောင်စေရမည် ဟု ရေးသားဖော်ပြထားကြောင်း ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက (တယ်လီဖုန်းဖြင့်) မြေလတ်မီဒီယာ ကို ဒီဇင်ဘာ ၇ ရက်နေ့တွင်ပြော၍ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: