ဘုရားပွဲတွင် တိုက်မိရာမှ စကားများရန်ဖြစ်ပြီး ဓါးနဲ့ထိုး တုတ်နဲ့ရိုက်မှု တောင်တွင်းကြီးမြို့နယ်တွင် ဖြစ်ပွား

မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့မရဲစခန်း၏ အရှေ့မြောက်ဘက်
၆ မိုင်ခန့်အကွာ အောင်းစုအုပ်စု ကိုးတောင်ပြည့်ဘုရားပွဲတွင် ကခုန်ကြရင်း
တိုက်မိရာမှ ဓါးထိုးမှုဖြစ်ပွားကြောင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က
တောင်တွင်းကြီးရဲစခန်း ရဲမှတ်တမ်းအရ သိရှိရသည်။ ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်
ဒီဇင်ဘာ ၈ ရက် နံနက် ၀၀း၃၀ အချိန် ပိန္နဲပင်ကျေးရွာ အောင်းစုအုပ်စုနေ ဌေးတင်ဦး
၂၁ နှစ် (ဘ) ဦးခင်မောင်ရီ သည် သူငယ်ချင်းများဖြစ်သော ကျော်ရဲနိုင်
၂၂ နှစ် (ဘ) ဦးသန်းနိုင်ဦး ၊ ၀င်းဇော်သိန်း ၃၀ နှစ် (ဘ) ဦးသိန်းဝင်း ၊
သိန်းဇော်မင်း ၂၃ နှစ် (ဘ) ဦးရွှေလှ တို့နှင့်အတူ ၄င်းတို့ရွာ အရှေ့ဘက် ၂
ဖာလုံခန့်အကွာ
အောင်းစုကျေးရွာ ကိုးတောင်ပြည့်ဘုရားပွဲသို့ အငြိမ့်ကြည့်ရန် သွားရောက်စဉ်
ဘုရားပွဲအတွင်း အောင်းစုကျေးရွာနေ နိုင်လင်းထွန်း ၂၁ နှစ်ခန့် (ဘ)
ဦးခင်မောင်သိန်း
အောင်မျိုး ၂၃ နှစ်ခန့် (ဘ) ဦးကြည်ဝင်း ၊ ညောင်နီပင်ကျေးရွာနေ ဘိုတုတ် ၂၅
နှစ်ခန့် (ဘ) ဦးမောင်ဝင်း ၊ မျိုးမျိုး ၂၂ နှစ်ခန့် (ဘ) ဦးတင်စိုး ၊
ဇော်မျိုးအောင် (ခ)
ငလုံး ၂၅ နှစ်ခန့် (ဘ) ဦးဝင်းလွင် တို့သည် အတူကခုန်ကြရင်း တင်ဌေးဦးမှ
မျိုးမျိုးအား တိုက်မိရာမှ စကားများရန်ဖြစ်ကြပြီး တင်ဌေးဦးအား ဇော်မျိုးအောင်
(ခ) ငလုံး
က နောက်မှချုပ်ထားပြီး မျိုးမျိုးမှ လက်ထဲတွင် အသင့်ပါလာသော အရိုးအသွား ၈
လက်မခန့် ဗျက် လက်မ၀က်ကျော်ခန့် စတီးရိုးတပ်ဓားဖြင့်ထိုးရာ တင်ဌေးဦး၏
ဝဲဘက်ပုခုံးနောက် ၂ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး သွေးများထွက်နေ၍
သူငယ်ချင်းများနှင့်အတူ ဘုရားပွဲအတွင်းမှ အပြင်သို့ ပြေးထွက်ရာ ရွာတံခါးအနီး
တွင် နိုင်လင်းထွန်း၊ အောင်မျိုး၊ ဘိုတုတ် သုံးဦးလိုက်လာပြီး ဘိုတုတ်မှ
တုတ်ဖြင့်လိုက်ရိုက်ရာ တင်ဌေးဦးတွင် ဦးခေါင်းဂျိုဇောင်း ၁ လက်မခန့်
ဒဏ်ရာတစ်ချက်၊
ထပ်မံရရှိသဖြင့် ဓါးနှင့်ထိုး တုတ်ဖြင့်ရိုက်သူ မျိုးမျိုး၊ နိုင်လင်းထွန်း၊
ဘိုတုတ်၊ အောင်မျိုး၊ ဇော်မျိုးအောင် တို့ ငါးဦးအား ဥပဒေနှင့်အညီ
အရေးယူပေးပါရန် တင်ဌေးဦးမှ
တရားလိုပြုလုပ်တိုင်တန်းမှုဖြစ် ရွာနီးချင်း ဆွေမျိုးများဖြစ်၍
အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်နေသဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ
၁၂ ရက် နေ့မှ အမှုဖွင့်ရခြင်း
ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်အား တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)
၂၉၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၄/၃၂၃ အရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့
နံနက် ၉း၃၀ အချိန် အမှုဖွင့်လှစ်ပြီး အမှုစစ် ဒုတိယရဲအုပ် ထက်အာကာကျော်မှ အမှုအား
ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276

 

0 comments: