“သတင်းထောက် တင်ရွှေ(မင်းဘူး) အား ပုဒ်မ(၁၈)ဖြင့် ၂၀၁၄၊ မေ ၇ ရက်နေ့က မကွေးမြို့တွင် မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြအမှုကို ရုံးတင်ရန် ရဲစခန်းမှစစ်ဆေးပြီ”



မကွေး၊ ဒီဇင်ဘာ ၃၀ ။

          မကွေးမြို့မရဲစခန်းမှ ပြီးခဲ့သော၂၀၁၄၊ မေ (၇)ရက်နေ့တွင် မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြခဲ့သော အမှုကို တရားလို အဖြစ် မကွေးမြို့မစခန်းမှူး ဒုရဲမှူး ထွေးကို မှ ငြိမ်းချမ်းစွာစီတန်လှည့်လည်ခွင့် လျှောက်ထားသူ တင်ရွှေ(မင်းဘူး) အား (ခွင့်ပြုချက်မရဘဲ ဆန္ဒပြ၍) မေ ၇ ရက် နေ့ကပင် (ပ)၈၂/၂၀၁၄၊ ပြစ်မှုပုဒ်(၁၈) ဖြင့် တရားစွဲ ခဲ့သော အမှုဖြစ်ကြောင်း ၎င်းရဲစခန်းမှတ်တမ်းအရ သိရသည်။


          ၎င်း အမှုအား ၂၀၁၄၊ ဒီဇင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းတွင် မကွေးမြို့မရဲစခန်းမှ တင်ရွှေ(မင်းဘူး)ကို ခေါ်ယူပြီး အမှုတည်ဆောက်ရန် အမှုစစ် ဒုရဲအုပ် သိန်းနိုင်ဝင်း က စစ်ဆေးခြင်းပြုလုပ်ကြောင်း၊ စစ်ဆေးပြီး တင်ရွှေ(မင်းဘူး)အား ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေးကြောင်း တင်ရွှေ(မင်းဘူး) က မြေလတ်မီဒီယာ ကိုပြောသည်။


“ အဲဒီအချိန်က ဆန္ဒပြဖို့ ခွင့် ပြုမိန့်တင်သူက ကျွန်တော်ပါ၊ ခွင့်ပြုမိန့်ကို ငြင်းပယ်ခံခဲ့ရတယ်။ ဒါနဲ့ ၈၈ မျိုးဆက်ကျောင်းသား ငြိမ်း/ပွင့် (မကွေး)ရယ် NLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်တို့အဖွဲ့နဲ့ ကျွန်တော် တို့မီဒီယာသမားတွေ သုံးဖွဲ့ပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမယ့် ဒီကိစ္စကို တည်ဆဲဥပဒေအရ တရားဥပဒေ ဘောင်အတွင်းက ကျွန်တော်တစ်ဦးတည်း ရင်ဆိုင် ဖြေရှင်းသွားမှာပါ။” ဟု သတင်းထောက် တင်ရွှေ(မင်းဘူး) က မြေလတ်မီဒီယာ ကိုပြောသည်။


          အဆိုပါဆန္ဒပြပွဲတွင် မီဒီယာလွတ်လပ်ခွင့်ရရှိရေး၊ တစ်နိုင်ငံလုံးမှာ ဖမ်းဆီးထောင်ချထားတဲ့ DVB သတင်းထောက် ဇော်ဖေ၊ သတင်းထောက် မခိုင်၊ ယူနတီဂျာနယ် အမှုဆောင်နှင့် သတင်းထောက်များ ပြန်လည် လွှတ်ပေးရေး၊ သတင်းသမားများကို စာနယ်ဇင်းကောင်စီ မှ ဖြေရှင်းပေးရေး စသည့် ရည်ရွယ်ချက် ကြွေးကြော်သံ များဖြင့် ဆန္ဒပြခဲ့ကြကြောင်း သတင်ထောက် တင်ရွှေ(မင်းဘူး) က မြေလတ်မီဒီယာ ကိုထပ်မံပြောသည်။

၎င်း ဆန္ဒပြစဉ်အချိန်က သတင်းထောက် တင်ရွှေ(မင်းဘူး)သည် ယူနတီဂျာနယ်၊ တူမောရိုးဂျာနယ် များတွင် နယ်သတင်းထောက်၊ ဟစ်တိုင်ဂျာနယ်တွင် ကျော်မြတ်သူ ကလောင်ဖြင့် နယ်သတင်းထောက်ဖြစ် ကြောင်း၊ လက်ရှိ ၂၀၁၅ တွင်ထုတ်ဝေမည့် မြေလတ်မီဒီယာ ဂျာနယ်တွင် တာဝန်ခံအယ်ဒီတာ အဖြစ်ဆောင် ရွက်မည်ဖြစ်ကြောင်း၊ သတင်းထောက်လုပ်ငန်းအပြင် မန်းရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့အား စောင့်ကြည့် ရေး အတွင်းရေးမှူး အဖြစ်ဖွဲ့စည်း၍ ပါဝင်ဆောင်ရွက်နေ၍ ဒေသခံအာဏာပိုင်များက အညှိုးအတေး ဖြင့်ပြုလုပ် သည် ထင်ပါကြောင်း တင်ရွှေ(မင်းဘူး) က မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: