` (မကွေးတွင် ရေလျှံမှုကြောင့် သဘာဝဘေးနှင့် ကျန်းမာရေးအတွက် ဒေသခံများစိုးရိမ်) သတင်းအား ပြန်လည်ရှင်းလင်းချက်´

မြန်မာပို့စ် ဂလိုဘယ် ဂျာနယ် အမှတ်(၆၃) စာမျက်နှာ(၁၈)တွင် ရေးသားဖော်ပြထားသော (မကွေးတွင် ရေလျှံမှုကြောင့် သဘာဝဘေးနှင့် ကျန်းမာရေးအတွက် ဒေသခံများစိုးရိမ်) သတင်းနှင့် ပါတ်သက်၍ မကွေးမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦနေမျိုးနိုင်မှ ၁၆-၆-၂၀၁၂ နေ့တွင် မြန်မာပို့စ် ဂျာနယ် သို့ ခေါ်ယူရှင်းလင်း ပြောဆိုပါသည်။ ``ဒီသတင်းနှင့်ပါတ်သက်ပြီး လုံးဝမဟုတ် မမှန်ပါဘူး။ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံအတိုင်း ကျွန်တော်တို့ မကွေးမြို့မှာ စာသင်ခန်းတွေ ရေ၀င်နေတာ လုံးဝမရှိပါဘူး။ သတင်းရေးသူအနေနဲ့ခိုင်လုံအောင် ဘယ်နေရာ ဘယ်စာသင်ခန်းဆိုတာကို တိတိကျကျဖြစ်အောင် ဖော်ပြပေးသင့်ပါတယ်။ သတင်းဓာတ်ပုံကလည်း မူမမှန်ပါဘူး။ ဒီသတင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့ထံကိုလည်း တင်ပြထားပြီးဖြစ်ပါတယ်။ သတင်းထဲမှာ ပါတဲ့အတိုင်း ဇွန်လဆန်းထဲမှ မိုးရွာလို့ ရေလျှံမှုကြောင့် သဘာဝပန့်ဝန်ကျင်ဆိုးသွားပြီး ကျန်းမာရေးအတွက် လူထုမှ စိုးရိမ်နေရတယ်ဆိုတာတွေကို တစ်ကယ်ဖြစ် မဖြစ်ကိစ္စများကိုသိလိုလျှင် ရွာသစ်ရပ်ကွက်၊ပြည်တော်သာရပ်ကွက်၊ ကန်သာရပ်ကွက်၊ ရန်မျိုးနိုင်ရပ်ကွက်များက အုပ်ချုပ်ရေးမှူးများနဲ့ ရပ်ကွက်နေသူများထံသို့ ဆက်လက်ပြီး စုံစမ်းမေးမြန်း သတင်းယူနိုင်ပါတယ်။ ဒီသတင်းနဲ့ပါတ်သက်လို့ ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ဘာပြဿနာမှ ဆက်မလုပ်လိုပါဘူး။ ဒါပေမယ့် အများပြည်သူတွေ အဖြစ်မှန်ကို သိရအောင် မကွေးမြို့တွင်းမှာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေနဲ့ ရေစီးရေလာ ကောင်းအောင် ကြိုတင်ပြီး ဆောင်ရွက် လုပ်ကိုင်ထားတာတွေကို အနည်းငယ် တင်ပြလိုပါတယ်။ ယခုခေတ်ပြောင်းကာလမှာ မြို့သာယာသန့်ရှင်း လှပအောင် ရေစီးရေလာကောင်းအောင်ဆိုပြီး ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တစ်ဖွဲ့တည်းနဲ့ လုပ်ချင်သလို ဆောင်ရွက်နေတာမဟုတ်ပါဘူး။ ဒေသမြို့ခံပုဂ္ဂိုများ၊ သက်ဆိုင်ရာဌာနများမှ အဖွဲ့အစည်းပေါင်းစုံများနဲ့ ပူးတွဲ ဖွဲ့စည်းထားတဲ့ စည်ပင်သာယာလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ဦးဆောင်ပြီး လုပ်ကိုင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရေလျှံမူများ မဖြစ်ပေါ်အောင် ကျွန်တော်တို့မြို့မှာ မြေမျက်နှာပြင် အနေအထားအရ ရေစီးရေလာကောင်းမွန်အောင်ဆိုပြီး ဇုန်(၃)ခု ခွဲပြီး ဆောင်ရွက်ထားပါတယ်။ ယခု သတင်းကိစ္စက ဇုန်အမှတ်(၃)အတွင်းမှာ ပါဝင်တဲ့ အတွက် သက်ဆိုင်တဲ့ လမ်း၊ရပ်ကွက်များကိုသာ ပြောပေးပါ့မယ်။ ဇုန်အမှတ်(၃)မှာ အောင်ရတနာ၊ အောင်ချမ်းသာ၊ မြင်သာ၊ ပြည်တော်သာ၊ ကန်သာရပ်ကွက်များ အတွင်းက ရေများဟာ ပြည်တော်သာလမ်း၊ အထက(၁)လမ်း၊ တောင်တွင်းလမ်း ရေမြောင်းများမှ စီဆင်းပါတယ်။ ပြည်တော်သာလမ်း၊ တိုင်းဒေကြီး ပြည်သူ့ဆေးရုံမြောက်ဘက် ဘေးမှ ရေမြောင်းမှာ ယခင်က တိုင်းဆေးရုံကြီးကလုပ်ထားတဲ့ အုတ်မြောင်းသေးသေးလေးဖြစ် ပါတယ်။အရင်က ပြည်တော်သာ ကားလမ်းမထက် ရေမြောင်းကမြင့်နေပါတယ်။ ယခုတော့ အဲဒီရေမြောင်းကို အမြင့် မှ အနိမ့်သို့ လည်ဘယ်ချိန်ယူပြီး အုတ်မြောင်းကြီးအဖြစ် စက်ယန္တယားများနဲ့ ကျွန်တော်တို့စည်ပင်သာယာဌာနမှ အမြန်ဆောင်ရွက်နေပါတယ်။ အထက(၁)လမ်းမှာ (RL-194’)(ရန်ကင်းဈေးအနီး) အဝေရာလမ်းနှင့် သုခိတာလမ်းတာ လမ်းဆုံက စီးဆင်းလာတဲ့ရေများ ဟာ စွယ်တော်လမ်းရေမြောင်းနဲ့ပူးပြီး ကန်သာကန်ကြီးအတွင်းကို စီးဝင်ပါတယ်။ အောင်ဇေယျာရပ်ကွက်၊ အောင်ချမ်းသာ ရပ်ကွက်က စီးဆင်းလာတဲ့ ရေများကတော့ မြတ်လေးလမ်းမှတဆင့် သုခိတာလမ်း (ရန်ကင်းဈေးရဲ့ အနောက်ဘက်တံတား) ကဖြတ်၍ ကန်သာရပ်ကွက်(၅)(၆)(၇)လမ်းတို့ကနေ တဆင့် ကန်သာကန်ကြီးထဲကို စီးဆင်းဝင်ရောက်ပါတယ်။ စွယ်တော်လမ်း(RL-163’) မှ အထက(၁)လမ်းကို စီးဆင်းလာတဲ့ရေများ ကတော့ မေတ္တာလမ်းရေမြောင်းမှ တဆင့် (၁၄လမ်းဆုံ)(RL-173’) မှ ဆေးရုံလမ်း(RL-158’) သို့ ပူးပေါင်းပြီး ကမ်းနာလမ်း ကင်းတံတားမှ တဆင့် ဧရာဝတီမြစ်တွင်းသို့ စီးဆင်းပါတယ်။ အဲ (RL ) ဆိုတာက လမ်းဖြတ်ရေမြောင်းများကို ပြောတာပါ။ အထက(၁)လမ်းနှင့် မေတ္တာလမ်းဆုံမှနေပြီး မေတ္တာလမ်းဘက်တောင်ဘက်တစ်လျှောက် ရေစီးဆင်းနိုင်အောင် မေတ္တာလမ်းကူးတံတား၊ မိုးကောင်းလမ်းကူးတံတားများ တည်ဆောက်ပြီး လမ်းငါးသွယ်အ၀ိုင်းမှတဆင့် ချောင်းရိုးအတိုင်း စီးဆင်း၍ ကမ်းနားလမ်း ကင်းတံတားမှ တဆင့် ဧရာဝတီမြစ်အတွင်း စီးဆင်းအောင် ဆောင်ရွက်လုပ်ဆောင်လျှက်ရှိပါတယ်။ ကန်သာရပ်ကွက်အတွင်းမှ ရေးများ စီးဆင်းမှု မြန်ဆန်ရေးအတွက် သံဃာ့ရာမကျောင်းရဲ့ မြောက်ဘက်လမ်းမှာ အဖွဲ့ပိုင်ရံပုံငွေဖြင့် အုတ်ရေမြောင်း ပြုလုပ်ပြီး တက္ကသိုလ်လမ်းမှ လမ်းငါးသွယ်အ၀ိုင်း မှတဆင့် ချောင်းရိုးအတိုင်းစီးဆင်းပြီး ကမ်းနားလမ်း ကင်းတံတားမှ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းဖို့ ဆောင်ရွက်ထားပါတယ်။ မကွေးမြို့မှာ ရေစီးရေလာ ကောင်းမွန်နေအောင်ဆိုပြီး (က) အဓိကရေမြောင်း(၅)မြောင်းကို ဆယ်ယူရှင်းလင်းပေးပါတယ်။ (ခ) ဗိုလ်ချုပ်လမ်း၊ နတ်မောက်လမ်း၊ ပြည်တော်သာလမ်း၊ ဆေးရုံလမ်း၊ မဲထီးလမ်း၊ တောင်တွင်းလမ်းတို့မှာ ရှိတဲ့အုတ်ရေမြောင်းများကို ဆယ်ယူရှင်းလင်းပါတယ်။ (ဂ) မိုးရွာသွန်းစဉ် လမ်းများအလိုက် ရေစီးရေလာကောင်းမွန်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထား ပါတယ်။ (ဃ) ရပ်ကွက်တွင်း နေအိမ်များရှေ့ မြောင်းများအား အဖွဲ့နဲ့ ပြည်သူများပူးပေါင်းပြီးရှင်းလင်းစေပါတယ်။ (င) ရေထုတ်မြောင်းသွယ်များရှိ လမ်းဖြတ်ကူးတံတာများ ပြုပြင်ခြင်း မြှင့်တင်ခြင်းများကို ဆောင်ရွက်ပြုလုပ်နေပါတယ်။ ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ အများပြည်သူများက ပူးပေါင်းဆောင်ရွက်ကြမှသာ လုပ်ငန်းများ အဆင်ပြေ အောင်မြင်သွားမှာဖြစ်ပါတယ်။ မိမိတို့အိမ်ရှေ့ရေမြောင်းတူးဖော်ရေးနဲ့ အမြဲသန့်ရှင်းပြီး ရေစီရေလာကောင်းမွန် အောင် ဆောင်ရွက်ကူညီပေးကြပါ။ အချို့လုပ်သားပြည်သူများအနေနဲ့ ဘာမဆို စည်ပင်သာယာရေးအဖွဲ့မှ လုပ်ပေးလိမ့်မယ်လို့ ထင်နေကြပါတယ်။ မကွေးမြို့တွင်းမှာ ရပ်ကွက်(၁၈)ခု၊ အိမ်ခြေပေါင်း(၁၂၀၆၀)၊ လူဦးရေ(၆၆၇၇၂) ဦးတို့အတွက် လိုအပ်တာများကို နေ့စဉ် နေ့ဓဒူဝ စည်ပင်သာယာအဖွဲ့က အမြဲထာဝရ ကျိုးစားပြီး တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့တစ်ဖွဲ့တည်းနဲ့ အရာရာမှာ ဆောင်ရွက်နေလို့ အောင်မြင်မှာ မဟုတ်ပါဘူး။ မကွေးမြို့ သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့၏ ပြဌာန်းထားတဲ့ဥပဒေ၊ နည်းဥပဒေအရ လုပ်သားပြည်သူများ ထံသို့ လိုအပ်တဲ့အခါ ထုတ်ပြန်ကြေငြာချက်များကိုလည်း လုပ်သားပြည်သူများဘက်က လိုက်နာဆောင်ရွက်ပေးကြပါ။ မကွေးတိုင်းဒေသကြီးနဲ့လျှော်ညီအောင် မြို့တော်အင်င်္ဂါရပ်နဲ့ ညီညွှတ်အောင် မြို့ပြသာယာသန့်ရှင်းလှပလာအောင် ၀ိုင်းဝန်းဆောင်ရွက်ကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ..။´ ဟု မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးနိုင် မှ မြန်မာပို့စ် သို့ ခေါ်ယူရှင်းလင်းပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

0 comments: