



ဇူလိုင်(၃၁)ရက်နေ့ နံနက်(၁၀ မှ ၁၂) နာရီအချိန်တွင် မကွေးမြို့ ရန်ကင်းရပ် ခွါညိုလမ်း နှင့် ၃လမ်းထိပ်ရှိ မကွေးမြစ်ကွေ့ဧရာလူမှုကွန်ယက် အစည်းအဝေးခန်းတွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)၊(မြေလတ်ဒေသ) အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ဝင်(၃၀)ဦးကျော်ခန့် အစည်းဝေးကျင်းပကြောင်း သတင်းရရှိသည်။ 
အဆိုပါအစည်းအဝေး၏ ဆုံးချက်အရ မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကို မကွေးမြို့ ဈေးရပ် မဲထီလမ်း (၈၈-သပိတ်စခန်း-အောင်ဓမ္မာရုံ)အနီးရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်းတွင် (၈-၈-၂၀၁၃) နေ့ နံနက်(၈)နာရီမှာ အခမ်းအနားစတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခင်နှစ်က အဆိုပါ မင်းကျောင်းတွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံအခန်းအနားကို မြို့နယ်အဆင့်ဖြင့်သာကျင်းပနိုင်ခဲ့၍ ယခုနှစ်တွင် မြေလတ်ဒေသ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားထားပြီး မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကြီးကို ကျင်းပဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးက ဖိတ်စာများစတင် ဖိတ်ကြားဖြန့်ဝေခြင်း၊ အမှတ်တရအဖြစ် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ (ငွေရတု)တီရှပ် စွပ်ကြယ်များ ရောင်းချခြင်းများ ပြုလုပ်ကြသည်။ သြဂုတ်လ(၅)ရက်နေ့တွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကျင်းပမည့် မကွေးမြို့ ဈေးရပ် မဲထီလမ်း (အောင်ဓမ္မာရုံ)အနီးရှိ မင်းကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ၈၈အရေးတော်ပုံ(ငွေရတု) မြေလတ်ဒေသ-ကျင်းပရေးကော်မတီ၏ အလုပ်အမှု ဆောင် အစည်းဝေးကျင်းပပြီး အဆိုပါအခန်းအနားကို စတင်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။
အလားတူ မကွေးမြို့ မြင်သာရပ်ကွက် မဲထီလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်လည်း မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းးအနားအဖြစ် ကဗျာ၊ ဆောင်းပါး၊ ကာတွန်း နံရံကပ် စာပေပြိုင်ပွဲ၊ ကျဘမ်း စကားပြောပွဲ နှင့် ရှစ်လေးလုံးအရေးတော်ပုံ(ငွေရတု)အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပမည်ဖြစ်ကြောင်း မကွေးမြိုနယ် NLD ပါတီ လစဉ်အလုပ်အမှုဆောင်ကော်မတီ၏ ဇူလိုင်(၂၅)ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သတင်းရရှိသည်။
`` ကျွန်တော်တင်ပြ ရင်ဖွင့်ချင်တာကတော့ ယနေ့နိုင်ငံတော်မှ အတည်ပြုပြဒါန်းထားတဲ့ နိုင်ငံရေးပင်စင်ဥပဒေ အကြောင်းပါ။ ဥပဒေပါ အခန်း(၁/၂/၃/၅) တို့ကို လက်တွေ့နိုင်ငံရေးပင်စင်များ ခံစားခွင့်ပြုထားပြီး ဥပဒေပါ အခန်း(၄)ကိုတော့ ယနေ့အထိ နိုင်ငံတော်အစိုးရက လုံးဝခံစားခွင့်မပေးပါဘူး။ ဥပဒေ တစ်ခုကို အမှတ်တကယ် အတည်ပြုပြီး ပြဒါန်းထားရင် တစ်ပြေးတစ်ညီထဲ ဆောင်ရွက်ပြီး ခံစားခွင့်များကိုလည်း အတူတူပေးကြရမှာပါ။ ယခုတော့ အခန်း(၄)ပါ ခေါင်းစဉ်ဖြစ်တဲ့ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ အမြုတေပါတီကာလနှင့် ပြည်သူ့ပါတီကာလ) ဆိုတဲ့ ပြဒါန်းချက်ပါ ဥပဒေများကိုတော့ ယနေ့အထိ ဘယ်သူ့ကိုမျှ ခံစားခွင့်မပေးဘဲ မျက်ကွယ်ပြုထားနေပါတယ်။ အဲဒီအချိန်က မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်များဟာ ယနေ့ ပါတီပေါင်းအစုံဖြစ်ကြတဲ့ (NLD, NDF, ကြံခိုင်ရေးပါတီတွေမှာလည်း လက်ရှိတာဝန်ယူ ထမ်းဆောင်နေကြပါတယ်။ တ.စ.ည ပါတီဝင်အားလုံးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဝင်တွေ အားလုံးမဟုတ်ကြတာကို နိုင်ငံတော်အစိုးရ သိစေချင်ပါတယ်။ ဒါကြောင့် လိုရင်းကို ကျွန်တော်ပြောချင်တာက နိုင်ငံတော်အတွက် သက်စွန့်ဆံဖျား ဆောင်ရွက်လာခဲ့ကြတဲ့ နိုင်ငံရေးသမားအချင်းအတူတူ ခွဲခြားပြီးချန်မထားဘဲ ဥပဒေအတိုင်း တစ်သားတည်း သတ်မှတ်ခံစားခွင့်ပေးစေချင်ပါတယ်။ လက်ရှိနိုင်ငံတော်အစိုးရ မှ အတည်ပြုပြဒါန်းထားတဲ့ နိုင်ငံရေးပင်စင်ဥပဒေ ကို အညီအမျှ တရားမျှတစွာနဲ့ တသတ်မှတ်တည်း ခံစားခွင့်ပြုစေချင်ပါတယ်ခင်ဗျာ..။ ´´ ဟု ပခုက္ကူမြို့နယ်(တ.စ.ည)ပါတီ ဥက္ကဋ္ဌ ဦးအောင်သောင်း က ပြောသည်။

ဇူလိုင်(၂၂)ရက် ၀ါဆိုလပြည့်နေ့ နံနက်(၉ မှ နေ့လည် ၁၁း၃၀)နာရီ မကွေးမြသလွန်ဘုရားကုန်းတော်ရှိ ဓမ္မာရုံတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ဌာနပေါင်းစုံ မှ တတိယအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရ ရှိသည်။ အခမ်းအနားကို `နမောတဿ´ သုံးကြိမိရွတ်ဆိုဖွင့်လှစ်၍ မကွေးမြို့ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ပဓာန နာယက၊ နိုင်ငံတော်သြ၀ါစရိယ၊ တိုင်းဒေသကြီး (ဘ/က)ကျောင်း ကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဘဒ္ဒ န္တကေလာသ (မဟာသတ္တမ ဇောတိကဓဇ)အရှင်သူမြတ်မှ ပရိတ်သတ်များအား ငါးပါးသီလ ချီးမြှင့်သည်။ ဆရာတော်သံဃာ အရှင်မြတ်အပေါင်းမှ ပရိတ်တရားများရွတ်ဆိုပူဇော်ကြ၏။
အဆိုပါအခမ်းအနားတွင် ပင့်သံဃာ(၁၈)ပါးအား ၀ါဆိုသင်္ကန်း(၁၈၅)စုံ ၊ အလှူငွေ(၁၉)သိန်းခန့် လှူဒါန်းပူဇော် ကြောင်း၊ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့်ဇနီး၊ အစိုးရ၀န်ကြီးများ နှင့်ဇနီးများ၊ တိုင်း/ခရိုင် မကွေးမြို့နယ်သာသနာရေးဦးစီးဌာန၊ တိုင်း၊ ခရိုင် မြို့နယ်များမှ ဌာနဆိုင်ရာအရာရှိများ၊ ဖိတ်ကြား ထားသော ဧည်သည်တော်များ (၁၀၀)ဦးခန့်တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ဗုဒ္ဓမြတ်စွာဘုရားသခင် ဓမ္မာစင်္ကြာတရားဦး ဟောဆိုသော နေ့ထူးနေ့မြတ် ၀ါဆိုလပြည့်နေ့တွင် မကွေးမြို့ မြသလွန်စေတီတော်ပေါ်၌ နံနက်(၄)နာရီမှ စ၍ ည(၁၀)နာရီအထိ ဆွမ်း၊ ရေချမ်း၊ ဆီးမီး၊ ၀ါဆိုပန်းများဆက်ကပ်ခြင်း၊ ၀ါဆိုသင်္ကန်းများဆက်ကပ်ပူဇော်ခြင်း ကို အများပြည်သူများ မှ နေ့/ညအဆက်မပြတ် စည်ကားသိုက်မြိုက်စွာဖြင့် လှူဒါန်းပူဇော် နေကြကြောင်း သတင်းရရှိသည်။
ဆိပ်ဖြူမြို့နယ်သည် မိုးနည်းရေရှားဒေသတွင်းက မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ၁၉၉၁ မှ ၂၀၀၀ ခုနှစ် (၁၀)နှစ်အတွင်း မိုရွာရက်(၂၈)ရက်ဖြစ်ပြီး မိုးရေချိန်လက်မ(၁၇.၅၂)သာရှိခဲ့ကြောင်း၊ ၎င်းနောက် ၁၉၉၉ မှ ၂၀၁၂ ခုနှစ်အထိ(၁၄)နှစ်အတွင်း မိုးရွာရက်(၃၆)ရက် ရှိပြီး မိုးရေချိန်လက်မ(၂၂.၇၅)သာရှိခဲ့ကြောင်း သက်ဆိုင်ရာမိုးလေ၀သ ဌာန မှ စုံစမ်းရရှိသည်ဆို၏။ ထိုကဲ့သို့ မိုးနည်းရေရှာဒေသအတွင်း၌ ချောင်းတိမ်များတွင် ရှားပင်များပေါက်ရောက်လေ့ရှိကြောင်း၊ အဆိုပါရှားပင်များသည် တောင်သူသုံးပစ္စည်းများဖြစ်သည့် လှည်းအိမ်၊ ထွန်တုံး၊ ထွန်တန်၊ ထွန်သွား၊ ထယ်ဘောင်များ အဖြစ် ရှားပင်၏ ကိုင်းခွဲ ကိုင်းတက်များကနေ ပြုလုပ်၍ တောင်သူများအတွက် အထူးအားကိုး အသုံးပြုနိုင်ကြောင်း၊ ဒေသခံတောင်သူတစ်ဦးက မြန်မာပို့စ် သို့ပြောသည်။
သို့သော် ယခင်အစိုးရလက်ထက်က ၁၉၉၉ ခုနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆိပ်ဖြူမြို့နယ်အတွင်း ၌` မျိုးဇင်ဇာ´ကုမ္ပဏီ ကို ရှားစေးချက်စက်ရုံတည်ဆောက်ခဲ့ကြောင်း၊ အဆိုပါစက်ရုံ၏လည်ပတ်မှုမှာ တစ်လလျှင်(၂၅)ရက် လည်ပတ်ပြီး တစ်နှစ်လျှင်(၈)လ စက်လည်ပတ်ကြောင်း၊ တစ်ရက်လျှင် ရှားကုန်ကြမ်းပိဿာချိန်(၂၀၀)ခန့် (သုံးပိုင်း တစ်ပိုင်း)တန်ချိန်နှုန်းဖြင့် (၂၅)ရက်တလစာကုန်ကြမ်း ရှား(၈)တန်အသုံးပြုလျှင် (၈)လစာ တစ်နှစ်ကုန်ကြမ်း (၆၄)တန် အသုံးပြုခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ (၁၄)နှစ်စာဆိုလျှင် ရှားတန်ချိန်(၉၀၀)ကျော်ခန့် အသုံးပြု၍ ကုန်ဆုံးခဲ့ရကြောင်း၊ သို့ပါ၍ အပူပိုင်းဒေသတွင် စိမ်းလန်းစိုပြေရေးအတွက် တောင်သူများအတွက် အထူးအားကိုး အားထားမှု ပြုနေရသော ရှားပင်များကို မျိုးဇင်ဇာ ရှားစေးချက်စက်ရုံက ဆက်လက်ပြီး ကြိတ်ခွဲနေလျှင် နယ်မြေခံ တောင်သူ လယ်သမားများ မှာ (နူရာ ၀ဲစွဲ၊ လဲရာသူခိုးထောင်း) ဆိုသလို ဖြစ်နေကြကြောင်း၊ အဆိုပါ ရှားချက်စက်ရုံကို ပိတ်သိမ်းပေး စေလိုကြောင်း တောင်သူများက တောင်းဆိုကြ၏။ ထိုကိစ္စကို ကျွန်တော်၏ မဲဆန္ဒရှင် အများပြည်သူများက တောင်းဆို၍ တင်ပြလာသဖြင့် ဇူလိုင်(၄)ရက်နေ့တွင်ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကြောင်း ဆိပ်ဖြူမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့စ် သို့ပြောသည်။
Copyright © ရွှေလမ်းငွေလမ်း ဝင်းကြည် / Template by : ကျော်ဇင်ဟိန်း