

ဇန်န၀ါရီ(၂၆)ရက် နံနက်(၁၀ မှ၁၁)နာရီခန့်တွင် မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာ ဘုန်းကြီးကျောင်း၌ ယာမြေအသိမ်းဆည်းခံထားရသော တောင်သူ(၄၉)ဦးနှင့်ဦးဆောင်သူ ဦးခင်မောင်မြင့် တို့အား အစည်းအဝေး ဖိတ်ကြား၍ ၎င်းတို့တိုင်ကြာထားသော မကွေးလေတပ်စခန်းဌာနချုပ် မှ သိမ်းဆည်းပြီး ယာမြေဧက(၁၀၃၉)အား လေတပ်မှ ပြန်လည်မစွန့်လွှတ်နိုင်ကြောင်း၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး နှင့် မြို့နယ်မြေယာ စီမံခန့်ခွဲရေးကော်မတီအဖွဲ့၊ မကွေးလေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး အောင်လှိုင်ဝင်း နှင့် အဖွဲ့တို့က အမိန့်စာများ၊ အမှုတွဲများကို ဖတ်ကြားအသိပေးကြောင်း သတင်းရရှိသည်။


`` ကျွန်တော်တို့သည် ဦးခင်မောင်မြင့်နှင့်တောင်သူ(၄၉)ဦး တိုင်ကြားတဲ့ ဒဟတ်ကန်ကျေးရွာမှ ယာမြေဧက ပေါင်း(၁၀၃၉)ဧကကို မြေယာလုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ လေတပ်စခန်းဌာနချုပ် မှ ဗိုလ်ကြီးဖတ်ကြား တင်ပြသွားတဲ့အတိုင်း သက်ဆိုင်ရာတောင်သူများအား သိမ်းဆည်းစဉ်ကာလက လျော်ကြေးပေးထားသော အထောက်အထားများအရ လေတပ်မှ ၎င်းယာမြေများအား ပြန်လည်စွန့်လွှတ်မည်မဟုတ်ကြောင်း အသိပေးခြင်း သာ ဖြစ်ပါတယ်´´။ ဟု မြိုနယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး က တောင်သူများကိုပြောသည်။

``ဘရဲ့နာမည်က ဦးအောင်မြိုင်ပါ ကျုပ်တို့ရွာကို အချုပ်ချထားသလို သံဆူးကြိုး(၃)ဘက်ခပ်ထားတယ်။ မီးရေး ထင်းရေးတော်တော်စိုးရိမ်ရပါတယ်။ သူတို့သိမ်းတဲ့(၁၀၃၉)ဧကမှာ ကားလမ်းရဲ့တောင်ဘက်ပါ၊ ကားလမ်းမြောက် ဘက် ထောက်လှမ်းရေး(၁၆)အတွက် သိမ်းတဲ့မြေကိုလည်း လေတပ်ကဆက်သိမ်းသွားတယ်။ အဲဒီ ထောက်လှမ်း ရေး(၁၆)သိမ်းတဲ့ မြေအစား ယခု ရွာအရှေ့ဘက်ချဲ့ပေးစေချင်တာပါ၊ သူတို့ဆီက ဒီနေ့အစည်းအဝေးခေါ်တယ်ဆို တော့ ဒို့ယာတွေ တစ်ချို့ ပြန်ရမယ်မျှော်လင့်ချက်နဲ့လာကြတာပါ၊ ဒီကိစ္စ မြေယာသိမ်းဆည်းရေးကော်မတီက ဦးတင်ထွဋ်တို့လာရောက်စစ်ဆေးသွားပြီး လွတ်ကင်းတဲ့ယာမြေတွေပြန်ရမယ်ပြောခဲ့ပါတယ်။ ယခု သူတို့က သိမ်းဆည်းယာမြေတွေကို ပြန်မပေးတော့ဘူးဆို တော့ သက်ဆိုင်ရာအဆင့်ဆင့်သို့ ပြန်လည်ထပ်မံ တိုင်ကြား ရမှာပေါ့၊ ရွာကလူတွေ မျက်ရည်တွေတောင်ကျ ပါတယ်ဗျာ..။´´ဟု ဒဟတ်ကန်ရွာ ယာမြေ(၁၀)ဧက အသိမ်းခံရသူ အသက်(၆၉)နှစ်ရှိ ဦးအောင်မြိုင် က ပြောသည်။

အလားတူ နေ့လည်(၂း မှ ၃း)နာရီအချိန်တွင် မကွေးမြို့နယ် မကြီးကန်ကျေးရွာ အလည်ကျောင်း ဘုန်းကြီးကျောင်း၌ တင့်ကားအမှတ်(၅၀၁၃) သိမ်းဆည်းထားခဲ့သော မြေ(၁၄၀၀)ဧကခန့်မှ ဦးပိုင်ရှိတောင်သူ မြေ(၆၀၃.၅၇)ဧကအား ၎င်းတင့်ကားအမှတ်(၅၀၁၃)တပ်မှ ပြန်လည်မစွန့်လွှတ်နိုင်ကြောင်း၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးနှင့်အဖွဲ့၊ တင့်ကားအမှတ်(၅၀၁၃)တပ်မှ ဗိုလ်ကြီး မျိုးသူရကျော် တို့အဖွဲ့တို့က အစည်းအဝေးခေါ်၍ တိုင်ကြားသူ ဦးမြသန်းနှင့် တောင်သူ(၇၉)ဦးတို့ကို အသိပေးကြောင်း သတင်းရသည်။

`` တင့်ကားတပ်က ကျွန်တော်တို့ပိုင်မြေ(၆၀၃)ဧကကျော်အပြင် စုစုပေါင်း အနောက်လားသော် မယ်လှတောင်ရွာ အထိ မလိုအပ်ဘဲ ဧကပေါင်း(၁၄၀၀)ခန့်ကို သိမ်းထားတာပါ။ ယနေ့အစည်းအဝေးခေါ်တော့ ကျွန်တော်တို့ ယာမြေတွေပြန်ရမယ် မျှော်လင့်ချက်နဲ့ လာကြတာပါ။ ယခုတော့ ရွာသူ ရွာသားတွေ ၀မ်းနည်းပက်လက်နဲ့ မျက်ရည်ကျကုန်ကြပြီ၊ သူတို့ ယာမြေတွေသိမ်းစဉ်ကာလက တဧကမှာ ခြောက်ကျပ်ပေးတာပါ။ ဘယ်သူမှ မယူဘူး၊ လက်မှတ်မထိုးခဲ့ကြပါဘူး၊ လက်မှတ်မထိုးရင် ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်လို့ ထိုးခဲ့ရတာပါ။ လျော်ကြေးငွေ လက်မံခဲ့ကြပါဘူး၊ ဒီကိစ္စ မြေယာသိမ်းဆည်းရေးကော်မတီက လာရောက်စစ်ဆေးသွားပြီး လွတ်ကင်းတဲ့ယာမြေတွေပြန်ရမယ်ပြောပါတယ်။ ကျွန်တော်တို့တောင်သူတွေ ဘယ်သူ့ကိုအားကိုးရမှန်း မသိတော့ ပါဘူးဗျာ။ ဒီကိစ္စ ဆက်ပြီး သက်ဆိုင်ရာအဆင့်ဆင့်ကို ထပ်မံတိုင်ကြား ကြမှာပါ..။´´ ဟု မကြီးကန်ရွာတောင်သူ ဦးမြသန်း က ပြောသည်။
0 comments:
Post a Comment