``မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော် လက်ယက်တွင်းမှ ဓာတ်ငွေ့များပန်းထွက်နေ´´

သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်၌ ယာခင်းရှင် ဦးသိန်းဝင်း(၄၇)နှစ် တောင်သူ၊ ထန်းကိုင်းကျေးရွာ၏ယာမြေ၌ ကိုမိုးကျော်ပါ နှစ်ဦးတို့ ကလပ်ခုံနှင့် ရေနံလက်ယက်တွင်းတူးနေစဉ် ၎င်းလက်ယက် တွင်းမှ ဓာတ်ငွေ့များ ဇန်န၀ါရီ(၉)ရက်၊ နေ့လည်(၂)နာရီအချိန်ခန့်တွင် စထွက်လာပြီး ဆယ်ပေခန့်မြင့်တက်လာ ကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ(၁၀)ရက်၊ နံနက်(၉)နာရီအချိန်ခန့်တွင် ၎င်းလက်ယက်တွင်းမှ ဓာတ်ငွေ့များ(၃)ပေကျော်အထိ အရှိန်လျော့၍ ဆက်လက်ပန်းထွက်နေကြောင်း ဒေသသခံ တစ်ဦးမှ ပြောသည်။ `` ထန်းကိုင်းရေနံမြေ MOGE ပစ္စည်းသိုလှောင်ရုံနဲ့ ကိုက်(၄၀၀)အကွာမှာဖြစ်တာပါ၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ MOGE ရေနံမြေမန်နေဂျာ၊MOGEရေနံမြေလုံခြုံရေးတာဝန်ခံ နဲ့ ရေနံမြေရဲကင်းတပ်ဖွဲ့ စတဲ့အဖွဲ့ပေါင်းစုံက အချိန်မှီရောက်လာကြပါတယ်။ ဓာတ်ငွေ့ထွက်နေတဲ့ တွင်းဘေး ပေတစ်ရာပတ်လည်မှာ လူ တိရိစ္ဆာန်များမ၀င်ရောက်ရန်တားဆီးပြီး လုံခြုံရေးဆောင်ရွက်ကြပါတယ်၊ ဇန်န၀ါရီ(၁၀) ရက် ညနေ(၄)နာရီအချိန်ခန့်မှာ ဓာတ်ငွေအရှိန်လျော့ပြီး နှစ်ပေခန့်သာထွက်နေတော့ အထက်ကောင်းကင် သို့ထွက်ဖို့ ပိုက်တပ်ဆင်နိုင်ကြပါတယ်၊ မီးမလောင်လို့တော်သေးတာပေါ့ဗျာ..။´´ဟု ဒေသခံလူငယ်တစ်ဦးက မဇ္ဈိမ ကိုပြောသည်။ ၎င်းထန်းကိုင်းရေနံမြေတွင် ၂၀၁၃ ခုနှစ်က ရဲလုံခြုံရေးများချထားခဲ့ကြောင်း၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ရေနံတွင်းတူးသူများ နှင့် ဈေးသည်များနှင့် ဘုရားပွဲတော်ဈေးကဲ့သို့ စည်းကားခဲ့ကြောင်း ၎င်းဒေသခံလူငယ်တစ်ဦးက ပြောသည်။
 

0 comments: