`` နဂါးစာရောင်းချသူ ပျံကျဈေးသည်များမှ မင်းဘူးမြို့ နဂါးပွက်တောင်(စောင်းတန်း) ဈေးဆိုင်များ လေလံပြုလုပ်ခြင်းအား ကန့်ကွက်တိုင်ကြား´´

မင်းဘူးမြို့ နဂါးပွက်တောင်သည် မန်းရွှေစက်တော်ဘုရားပွဲတော်ချိန်နှင့် ပွဲတော်ပြင်ပချိန်များတွင် ဘုရားဖူး များ၊ လေ့လာသူများနှင့် နိုင်ငံခြားသားများ လာရောက်ကြည့်ရှုသော ထူးခြားသော နေရာတခုဖြစ်သည်။ ယခင်နှစ် ၂၀၁၃ မှစ၍ နဂါးစာရောင်းချနေသော နဂါးပွက်တောင်လမ်းဘေး(စောင်းတန်း)နေရာများကို မန်းရွှေစက် တော်ချိန်၌ ဆိုင်ခန်းများဆောက်ပြီးလျှောက်လွှာများရောင်းချမဲဖောက်ကြောင်း၊ ဆိုင်ခန်းတစ်ခန်းလျှင် ငွေခြောက် သောင်းကျပ်ပေးရကြောင်း၊ ထိုကဲ့သို့ပြုလုပ်ခြင်းကြောင့် မရှိဆင်းရဲသား ပျံကျဈေးသည်များမယူနိုင်ခဲ့ ကြောင်း၊ ထို့ကြောင့်မန်းရွှေစက်တော်ပွဲတော်ပြင်ပချိန်များလို နဂါးစာရောင်းချသူ ပျံကျဈေးသည်များအား ၎င်းနေရာတွင် လခဖြင့် ငွေကောက်ယူ ဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံဈေးသည်များ က ပြောသည်။ ``ကျွန်မတို့မှာ မရှိဆင်းရဲသား တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေပါ။ ဒီကုန်စိမ်းနဲ့တွဲပြီး နဂါးစာကို စတင်ရောင်း ချလာခဲ့ကြပါတယ်။ သူတို့တောင်းတဲ့ တစ်လကို လခတစ်သောင်းအထိပေးပြီး ရောင်းချလာခဲ့ကြတာပါ။ မနှစ်ကစပြီး သူတို့လူကြီးမိသားစုတွေထဲက လေလံစနစ်ပြုလုပ်ပြီး လက်ဝါးကြီးအုပ်ရယူသွားကြပါတယ်။ ဒါကြောင့် ဒီနှစ်မှာ လေလံစနစ် မပြုလုပ်ဖို့ သက်ဆိုင်ရာကို စာတင်တယ်။ ယနေ့လဲ နဂါးပွက်တောင် ဂေါပကကို အသနားခံတောင်းဆိုနေကြတာပါရှင်..။´´ဟု ပျံကျဈေးသည် မငြိမ်းငြိမ်း က ပြောသည်။ ဇန်န၀ါရီ(၂၂)ရက်နေ့တွင် နဂါးစာရောင်းချသူ ပျံကျဈေးသည်(၁၇)ဦးခန့်နှင့် နဂါးပွက်တောင်တော် သာယာလှပရေးဂေါပကအဖွဲ့တို့တွေ့ဆုံ၍ အသနားခံပွဲပြုလုပ်ကြောင်းသိရသည်။ ၎င်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်၏ ပြောစကားကြောင့် ပျံကျဈေးသည်များက ၀ိုင်း၍ ကန်တော့နေကြကြောင်း သိရသည်။ `` ကျွန်တော်က အဖွဲ့ကို တားပါသေးတယ် မရှိဆင်းရဲသား နဂါးစာရောင်းချတဲ့ ပျံကျဈေးသည်တွေဟာ ကိုယ့်ရပ်ကွက်ထဲက သူတွေဘဲ၊ လေလံမလုပ်ဘဲ သင့်တော်တဲ့ လခသာယူဖို့တင်ပြတယ်၊ ကျွန်တော့်အဖွဲ့က မရဘူး၊ လက်မခံဘူး၊ ဒါနဲ့ကျွန်တော်လည်း လေလံကိစ္စ လက်မှတ်ထိုးပေးလိုက်ရတယ်။´´ ဟု နဂါးပွက်တောင် ဥက္ကဋ္ဌ ဦးတင်က မြန်မာပို့စ်ကို ပြောသည်။ နဂါးစာဆိုသည်မှာ ပေါက်ပေါက်များကို နို့ဆီတစ်ဗူးလျှင်(၅၀၀)ကျပ် သတ်မှတ်ပေးထားပြီး နဂါးပွက်တောင်ထိပ်မှ ရွံ့ဗွက်အိုင်ထဲသို့ချ၍ နဂါးကြီးစားရန် အစာချပေးခြင်းဖြစ်ကြောင်း သိရသည်။ အထက်ပါ ပျံကျဈေးသည် နဂါးစာရောင်းချသူများ၏ တောင်းဆိုချက်အား မင်းဘူး/စကုမြို့နယ် ဖွံဖြိုးတိုး တက်ရေး အထောက်အကူပြုအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့များထံသို့ တင်ပြ၍ အကြောင်းပြန်ကြား မည်ဟု နဂါးပွက်တောင် သာယာလှပရေးဂေါကပကအဖွဲ့ မှ အကြောင်းပြန်ကြောင်း သတင်းရရှိသည်။
 

0 comments: