`မကွေးမြို့သို့ရောက်ရှိလာသော သံဃာ(၂)ပါးအား ဘာသာသာသနာညှိုးနွမ်းမှုဖြင့် လူဝတ်လဲ၍ အမှုဖွင့်အရေးယူ´

ဇန်န၀ါရီ(၁၁)ရက်၊ နံနက်(၂)နာရီအချိန်ခန့်တွင် မကွေးနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ရွှေဌေးမှ တရားလိုပြုလုပ်၍ မကွေးမြို့သို့ရောက်ရှိလာသော သံဃာ(၂)ပါးအား ဘာသာသာသနာညှိုးနွမ်းမှုဖြင့် တိုင်တန်း ခဲ့ပြီး ရဲအရေးမပိုင်(ပ)၁/၂၀၁၄ ပြစ်မှုပုဒ်မ-၂၉၅(က)ဖြင့်ဖမ်းဆီး၍ တရားခံ(၂)ဦးအား ဇန်န၀ါရီ(၁၃)ရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီ(၁၀)ရက် ည(၁၀)အချိန်ခန့်တွင် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာအနီး လယ်ပြင်ဘုန်းကြီးကျောင်းရှိ အခန်းတစ်ခန်းထဲတွင် သင်္ကန်းဝတ်ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို့ ရောက်ရှိ၍ အတူအိပ်နေကြောင်းသတင်းရရှိသည်။ သတင်းအရ မကွေးတိုင်းဒေသကြီးသာသနာရေးမှူး ဦးသောင်း ရွှေ၊ မကွေးမြို့နယ်လက်ထောက်သာသနာရေးမှူး ဦးခင်မောင်လွင် နှင့်အဖွဲ့၊ မကွေးနယ်မြေစခန်းမှူး ရဲအုပ်ရွှေဌေး နှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဌာန စာရေးကြီး ဦးခင်မောင်ဝင်း နှင့် ဆားတိုင်ကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သိုင်းဝင်းတို့ပါဝင်သော အဖွဲ့မှ သွားရောက်ရှာဖွှေခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းဝိုင်း အတွင်းမှ လူမနေသော ကျောင်းဆောင်အတွင်းရှိ ကုတင်ပေါ်တွင် သံဃာတစ်ပါးနှင့်အမျိုးသမီးတစ်ဦးတို့ အတူတူလဲလျောင်းအိပ်နေသည် ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးအား စစ်မေးရာ သံဃာမှာ ဦးဝိမလ(ခ)ဇော်လင်း (၃၈)နှစ်၊(၇)၀ါ၊(ဘ) ဦးမောင်မောင်၊ မှတ်ပုံတင်မရှိ၊သာသနာဝင်အမှတ်မရှိ၊ မန္တလေးမြို့ မြကန်သာပရိယတ္တိစာသင်တိုက်၊ ဇာတိမှာ ကျွဲပွဲရွာ၊ တောင်ငူမြိုနယ် နှင့် အမျိုးသမီးမှာ ဒေါ်နီနီဝင်း(၃၇)နှစ်၊(ဘ)ဦးဝင်းမောင်၊ အရောင်းအ၀ယ်၊ အမှတ်(၉၈)၊ (၁၉)လမ်း၊ မင်းတဲအီကင်းရပ်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ဟု သိရသည်။ ၎င်းတို့မှာ ဇန်န၀ါရီ(၈)ရက်နေ့တွင် 7F/8716 လိုက်ထရပ်အဖြူရောင်ကား၊ ယာဉ်မောင်း ဇော်ဝင်း(၃၄)နှစ်၊ (ဘ)ဦးသောင်းရွှေ၊ (၁၉)လမ်း၊ ကုန်းတန်းရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ မှ ကားဖြင့် မန္တလေးမြို့မှ စတင်ထွက်လာကြောင်း၊ ဦးဝိမလ(ခ)ဇော်လင်း၏ ဇာတိဖြစ်သည့် ကျွဲပွဲရွာ၌ (၂)ညအိပ်ခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ သံဃာဦးကုမာရ(ခ)ကျော်မင်း(၄၅)နှစ်၊(၁၂)၀ါ၊(ဘ)ဦးလှတင်၊ သာသနာဝင် အမှတ်-၉/ပကခ(သ)၀၀၀၁၀၆၊ မှတ်ပုံတင်မရှိ၊ မန္တလေးမြို့ မြကန်သာပရိယတ္တိစာသင်တိုက်၊ ဇာတိမှာ ချောင်းကမ်းရွာ၊ ထန်းတပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် ကိုရင်(၃)လခန့်ဝတ်လာသော ရှင်သုဇာတ(ခ) လွမ်းသူအောင်(၁၅)နှစ်၊(ဘ)ဦးကျော် ထွန်းဦး၊ မန္တလေးမြို့ မြကန်သာပရိယတ္တိစာသင်တိုက် တို့လည်း ပါဝင် ကြောင်းသိရသည်။ ၎င်းတို့သည် တောင်ငူမြို့အနီးပတ်ဝန်းကျင်တွင် ၀ိနည်းနှင့်မလျော်ညီသော အလှူခံငွေများ အလှူခံခဲ့ကြောင်း၊ ဇန်န၀ါရီ (၁၀)ရက်နေ့တွင် ကျွဲပွဲရွာမှ မကွေးမြို့သို့ထွက်ခွါလာရာ လမ်းကြောင်းတစ်လျှောက်၌ ၀ိနည်းနှင့်မလျော်ညီသော အလှူခံငွေများ အလှူခံခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီ(၁၀)ရက်နေ့၊ ည(၇)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ဆားတိုင်ကန်ကျေးရွာအနီးရှိ လယ်ပြင် ကျောင်းတိုက်သို့ရောက်ရှိခဲ့ကြောင်း၊ အထက်ပါဖြစ်စဉ်အရ ၎င်းည(၁၁)နာရီအချိန်ခန့်တွင် သံဃာ(၂)ပါးနှင့် ကိုရင် (၁)ပါး တို့အား မကွေးမြို့ ပြည်တော်သာလမ်း၊ မဟာဝိသုတာရာမစာသင်တိုက်ရှိ မကွေးမြို့နယ်သံဃာ နာယက အကျိုးတော်ဆောင် ဆရာတော်ဦးသာသနထံသို့ပို့ဆောင်ခဲ့ကြောင်း၊ ဆရာတော်မှ သံဃာ(၂)ပါးအား လူဝတ်လဲ စေပြီး ဥပဒေနှင့်အညီဆောင်ရွက်ရန် မိန့်ကြားခဲ့ကြောင်း၊ ကိုရင် လွမ်းသူအောင်မှာ အရွယ်မရောက်သေးသဖြင့် ဆရာတော်ဦးသာသနမှ ဆုံးမသြ၀ါဒပေး၍ပြန်လွှတ်ကြောင်း၊ အဆိုပါသံဃာနှစ်ပါးသည် ကိုးကွယ်သည့် ဘာသာသာသနာ ကို ညှိုးနွမ်းစေသည့်လုပ်ရပ်အား လုပ်ဆောင်ခဲ့သဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
 

0 comments: