`တောင်သူလယ်သမားများ အတွက် သဘာဝမြေသြဇာဖော်ဆောင်သောနည်းစနစ်အခမဲ့ (၁၀)ရက်သင်တန်း´

ဇန်န၀ါရီ(၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ(၁၀)ရက်၊ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီအချိန်ထိ မကွေးမြို့နယ် ယင်းချောင်းတံတားအနီး သြဇာကုန်းကျေးရွာ၌ တောင်သူလယ်သမားများ အတွက် သဘာဝ မြေသြဇာဖော်ဆောင်သောနည်းစနစ်(၁၀)ရက်အခမဲ့သင်တန်းဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို မကွေးမြို့ ဆားစေ့ရပ်ကွက်၊ ဈေးလမ်း၊ အမှတ်(၁၆၁) ရတနာမေတ္တာ(NGO)အဖွဲ့မှ ပံ့ပိုးကူညီ၍ (Way of The Organic Farning) အော်ဂဲလ်နစ်စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝကျကျဖော်ဆောင်သော နည်းစနစ်အခမဲ့ပို့ချရေးအဖွဲ့ က (၁၀)ရက်သင်တန်းပေးပို့ကြောင်း၊ အခမဲ့ပို့ချ ပေးသော သင်တန်းဆရာများမှာ ဦးစိုးသွင်ဦးမောင်(စိုက်ပျိုးရေး-ကျွမ်းကျင်ပညာရှင်)၊ ဦးလှဆန်း(ဧကမ္ဘာ မကွေး) နှင့် ဦးထွန်းခင်(တိုင်းမိုးဝေ စိုက်ပျိုးရေး မကွေး) တို့သုံးဦးက ပို့ချပြီး သင်တန်းတက်ရောက်သူ တောင်သူများ (၃၅)ဦးရှိကြောင်းသိရသည်။ ``ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝကျကျဖော်ဆောင်သော နည်းစနစ်ကတော့ (ဓာတု)မြေသြဇာတွေအစား အသုံးပြုတဲ့ သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်းဖြစ်ပါတယ်။ မိမိတို့ရဲ့အိမ်နောက်ဖေး မှာ အလျား(၁၂)ပေ၊ အနံ(၃)ပေ၊ အမြင့်(၃)ပေ ကန်ပြုလုပ်ပါ။ အောက်ခြေက ပလပ်စတစ်ခင်းထားပါ။ အောက်ခြေ မှာ မြေဆွေး(သို့မဟုတ်) နှမ်းရိုးစုတ်၊ ကောက်ရိုး တစ်လက်မတစ်ထပ်ခင်းပါ။ နောက် နွားချေး၊ ကျွဲချေး(၁) လက်မတစ်ထပ်ခင်းပါ။ အဲဒီအပေါ်ကနေ ခင်ဗျားတို့ဆီပေးထားတဲ့စာရွက်မှာပါတဲ့ စွန့်ပြစ်ပစ္စည်းတွေ ကိုထည့်ပါ၊ လယ်ယာလုပ်ငန်းမှစွန့်ပြစ်ပစ္စည်း၊ သစ်တောထွက်စွန့်ပြစ်ပစ္စည်း၊ ရေလုပ်ငန်းမှစွန့်ပြစ်ပစ္စည်း၊ မီးဖိုးချောင်သုံး စွန့်ပစ္စည်း နဲ့ တိရိစ္ဆာန်များမှ စွန့်ပြစ်ပစ္စည်းဆိုတဲ့ ဒီ(၅)မျိးကို သဘာဝမြေသြဇာပြုလုပ်နိုင်ပါတယ်။ အဲဒီမြေသြ ဇာကန်တစ်ခု ပြုလုပ်လို့ရတဲ့ သဘာဝမြေသြဇာတွေက တစ်တင်းခွဲအိပ်(၅၀)အိပ်ရမယ်၊ လယ်ယာ(၅)ဧက အတွက် အသုံးပြုလို့ရမယ်၊ သဘာဝမြေသြဇာကန်တစ်ကန်ရဲ့ ကုန်ကျစရိတ်ကငါသောင်းကျပ်ခန့်သာ ကုန်ကျပါ့ မယ်။ လုပ်ပုံလုပ်နည်းစနစ် ကိုတော့ အခြေခံသင်တန်း(၅)ရက်၊ ပုံမှန်သင်တန်း(၇)ရက် ယနေ့ကျင်းပတဲ့ အဆင့်မြင့်သင်တန်း (၁၀)ရက်ပြီးသွားရင် အားလုံးသဘောပေါက်နားလည်ပြီး အသုံးပြုလုပ်တတ်သွားကြပါ့ မယ်။´´ဟု သင်တန်းဆရာ ဦးလှဆန်း က ပြောသည်။ ၎င်းတို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝကျကျဖော်ဆောင်သော နည်းစနစ်အခမဲ့ပို့ချရေး အဖွဲ့ က ဆရာများကိုယ်တိုင် မိမိတို့သဘာဝမြေသြဇာထုတ်လုပ်ပြီး လက်တွေ့စိုက်ပျိုးထားသော စိုက်ခင်းများကို ပြသသည်။ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ သင်တန်းပေါင်း(၅၂)ပွဲ ပို့ချဖွင့်လှစ်ပြီးခဲ့ကြောင်း သင်တန်းဆရာများမှာ ဦးစိုးသွင်ဦးမောင်(စိုက်ပျိုးရေး-ကျွမ်းကျင်ပညာရှင်)က ပြောသည်။
 

0 comments: