`နိုင်ငံတော်သမ္မတကြီးက တစ်နိုင်ငံလုံး သမ၀ါယမအသင်းသားတွေတိုးပွားလာတာနဲ့အမျှ နိုင်ငံတော်အစိုးရအပေါ် မှီခိုအားထားစရာမလိုတော့ဟု ပြောကြား´

ဇန်န၀ါရီ(၁၆)ရက်၊ နံနက်(၉)နာရီအချိန်ခန့်တွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျေးလက်ဒေသဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေးအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ သမ၀ါယမ ၀န်ကြီး ဦးကျော်ဆန်းတို့မှ မကွေးတိုင်းဒေသကြီးအတွင်းရှိ သမ၀ါယမအသင်းများ ၏ အသင်းဝင်များသို့ ချေးငွေများ ငွေကျပ်(၃၄၀၀၀)သိန်းကျော်ခန့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ``ကျွန်တော်တို့ကိုယ်တိုင်ငွေကြေးမပြည့်စုံမလုံလောက်တဲ့အတွက် ငွေကြေးအချို့ကို ပြည်ပကပါချေး ယူပြီး ယခုလိုကူညီဆောင်ရွက်ပေးရတာဖြစ်ပါတယ်။ ဒါကြောင့် အသင်းသူအသင်းသားများ အပိုင်းကလည်း မိမိတို့ချေးယူထားတဲ့ငွေတွေကို အရစ်ကျ မှန်မှန်ကန်ကန်နဲ့ ပြန်လည်ပေးဆပ်ကြဖို့ တာဝန်ရှိပါတယ်။ ၀ိုင်းကြီးချုပ် စနစ်နဲ့ ဆောင်ရွက်တဲ့ကိစ္စဖြစ်တဲ့အတွက် တာဝန်ရှိတဲ့အဖွဲ့သားများကလည်း မှန်မှန်ကန်ကန်ပြန်ဆပ်ပေးနိုင် အောင် ၀ိုင်းဝန်းထိမ်းကြောင်းပေးဖို့ လိုအပ်ပါတယ်။ သမ၀ါယမ၀န်ထမ်းများအပိုင်းကလည်း ဆင်းရဲနွမ်းပါး တဲ့ အသင်းသူ အသင်းသားများအပေါ် စေတနာထားပြီး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ မှာကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ သမ၀ါယမစနစ်ဟာ ဘုံစနစ်(Commune) မဟုတ်ဘဲ အသင်းသားတစ်ဦးချင်းရဲ့ လူမှုစီးပွားတိုးတက်ရေး အတွက် အားလုံးက၀ိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ဆောင်ရွက်ပေးတဲ့စနစ်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး သမ၀ါယမအသင်းသားတွေတိုးတက်လာတာနဲ့အမျှ နိုင်ငံတော်အစိုးရအပေါ် မှီခိုအားထားမနေတော့ ဘဲ မိမိတို့စုဆောင်းငွေအရင်းအနှီးနဲ့ မိမိတို့ကိုယ်တိုင် ရပ်တည်နိုင်ပြီး နိုင်ငံအကျိုးကိုပါ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက် ပေးနိုင်ကြမှာဖြစ်ပါတယ်။ သမ၀ါယလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းပြီး စီးပွားရေးမှာအောင်မြင် နေတဲ့ နိုင်ငံများကို စံနမှုနာယူပြီး မိမိတို့နိုင်ငံမှာလည်း အောင်မြင်ဖြစ်ထွန်းအောင် ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ၀ိုင်းဝန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်..။´´ ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။ ``ဒီနေ့အခမ်းအနားဟာ အဲဒီလုပ်ငန်းစဉ်(၅)ရပ်အနက် ပြည်သူများလိုအပ်နေတဲ့ အသေးစားချေးငွေထုတ် ပေးခြင်း၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျငွေချေစနစ်နဲ့ ရောင်းချပေးခြင်းနဲ့ သမ၀ါယမအသင်းများ အဆင့်မြှင့်တင်ပေးခြင်း၊ စတဲ့လုပ်ငန်းစဉ်(၂)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခမ်းအနားဖြစ်ပါတယ်။ ဒီအခမ်းအနားမှ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နဲ့ မြို့ပြနေ အခြေခံပြည်သူများအတွက် ဆောင်းသီးနှံ အသေးစားချေးငွေကျပ်သိန်းပေါင်း(၃၄၃၁၅၅.၅)သိန်းထုတ်ချေးမှာဖြစ်ပြီး၊ တန်ဖိုးကျပ်သိန်းပေါင်း(၈၈၄၉.၄၆)သိန်း ရှိသော ထွန်စက်အပါအ၀င် လယ်ယာသုံးစက်ကရိယာ(၂၈၄)မျိုးကို အရစ်ကျချေးငွေစနစ်နဲ့ ရောင်းချပေးမှာဖြစ် ပါတယ်။ ထို့အတူတန်ဖိုးငွေကျပ်သိန်းပေါင်း(၁၁၇၅.၈၀)သိန်းရှိတဲ့ သုံးဘီးဆိုင်ကယ်၊ အပ်ချုပ်စက်အပါအ၀င် လုပ်ငန်းသုံးပစ္စည်း(၂၁၅)မျိုးကိုလည်း အရစ်ကျငွေချေစနစ်နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်..။´´ ဟု သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ကပြောကြားသည်။ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်(၅)ခရိုင်၊ မြို့နယ်(၂၅)မြို့နယ်၌ အခြေခံသမ၀ါယအသင်း(၆၆၀)သင်း၊ အသင်းသားများ(၃၅၇၂)ဦးရှိကြောင်း၊ ချေးငွေများကို ရာသီအလိုက် ငါးလ၊ ခြောက်လသတ်မှတ်၍ အတိုးနှုန်းမှာ ယခင်ချေးပြီးငွေများကို(၂.၅%)ယူသော်လည်း သမ္မတကြီး၏လမ်းညွန်ချက်အရ ယခုချေးငွေများအတွက်(၁.၅%) ယူကြောင်း၊ ကျေးရွာများမှ တောင်သူသုံးလယ်ထွန်စက်၊ထော်လာဂျီနှင့် အင်ဂျင် စက်မှုပစ္စည်းများ အရစ်ကျ ၀ယ်ယူခွင့် ပြုသူများမှာလည်း တစ်ရွာတစ်အုပ်စုလျှင် တစ်ဦး၊ နှစ်ဦးစကိုသာ ၀ယ်ယူခွင့်ပြုထားကြောင်း၊ အများ ပြည်သူများ ၀ယ်လိုလျှင် သမ၀ါယမအသင်းဝင်ဖြစ်ရမည်၊ ငါးဦးတစ်အုပ်စု ၀ိုင်းကြီးချုပ်စနစ်ဖြင့် အာမခံရမည်၊ သမ၀ါယမဘဏ်နှင့် အခြားချိတ်ဆက်ထားသောဘဏ်များသို့ ၀ယ်ယူမည့် ပစ္စည်းမူလတန်ဖိုးငွေ၏ နှစ်ဆယ်ရာခိုင် နှုန်းငွေကို ပထမ လက်ငင်းပေးချေရမည်၊ ကျန်ငွေများကို ခြောက်လတစ်ကြိမ် အရစ်ကျသွင်း၍ သတ်မှတ် ကာလမှာ တစ်နှစ်မှ နှစ်နှစ်အထိဖြစ်ကြောင်း၊ ယခု ပြခန်း၌ ပြထားသော လယ်ထွန်စက်၊ ထယ်စုံ၊မြေမွစက်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ အင်ဂျင်နှင့်စက်ပစ္စည်းစုံတို့အား အရစ်ကျ ၀ယ်ယူထားသူများ သည် အစိုးရ၀န်ထမ်းများနှင့် ကျေးရွာများမှအုပ်ချုပ်ရေးမှူးအဟောင်းနှင့်အသစ်များ၊ ယခင်သမ၀ါယမ အသင်းဝင် လူကြီးဟောင်းများ နှင့် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးနှင့် တောင်သူလယ်သမားများ ဖြစ်ကြောင်း သတင်းရရှိသည်။
 

0 comments: