``(လ၀က)၏ အထူးစီမံချက်သစ် Door to Door (အိမ်တိုင်ရာရောက်) one stop servicc မှတ်ပုံတင်များကို ငွေခြောက်ကျပ်ဖြင့် ဆောင်ရွက်ပေး၍ ပြည်သူများပျော်ဟု သိရ´´

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် (လ၀က)၀န်ကြီးဌာနမှ ၂၀၁၃ ဒီဇင်ဘာ(၂၀)ရက်နေ့အမိန့် စာအရ တစ်ကြိမ်တစ်ခါမျှမလုပ်ဘူးသေးသော Door to Door (အိမ်တိုင်ရာရောက်) တစ်အိမ်တက်ဆင်း one stop servicc စနစ်ဖြင့် မှတ်ပုံတင်နှင့် မွေးတိုး၊သေဆုံးအိမ်ထောင်စုစာရင်းများကို မကွေးတိုင်းဒေသကြီး မကွေး ခရိုင် မကွေးမြို့နယ်၌ ဇန်န၀ါရီ(၂၀)ရက်နေ့ မှ မကြီးကန်ကျေးရွာအုပ်စု၊ နွားကူးကျေးရွာသို့ စတင်လုပ်ပေးကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ(၂၀/၂၁)နှစ်ရက် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်ထိ မကွေးမြို့နယ် မကြီးကန်ကျေး ရွာအုပ်စု နွားကူးကျေးရွာတွင် မကွေးခရိုင်(လ၀က) ဒု ညွန်ကြားရေးမှူး ဦးဝင်းမြင့် ဦးဆောင်၍ မကွေးမြိုနယ် (လ၀က) ၀န်ထမ်းများ(၆)ဦးတို့သည် Door to Door (အိမ်တိုင်ရာရောက်) တစ်အိမ်တက်ဆင်း one stop servicc စနစ်ဖြင့် ဆောင်ရွက်ကြောင်း၊ နိုင်ငံသားကတ်မှတ်ပုံတင်လုပ်သူများ(၉၂) ဦးတို့အား တစ်ဦးလျှင် ၀န်ကြီးဌာနမှ သတ်မှတ်ထားသော(ငွေခြောက်ကျပ်)ဖြင့် ပြုလုပ်ပေးကြောင်း၊ လက်ရှိအိမ်ထောင်စုစာရင်းများအား စစ်ဆေး၍ မွေးတိုးစာရင်းများတွင်(၂၆)ဦး ကို အိမ်ထောင်စု၌စာရင်းတိုးပေးခြင်း၊ သေဆုံးသူများ(၁၁)ဦးတို့အား အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ပေးခြင်းတို့ကို (အခမဲ့) ဆောင်ရွက်ပေးကြောင်း၊ အိမ်ထောင်စုစာရင်းအသစ်များ အား မြို့နယ်ရုံး၌သာ ပြုလုပ်ပေးကြောင်း သိရသည်။ ``ယခုလိုမျိုး(ရုံးချုပ်)ကအထူးစီမံချက်ဟာ လ၀က သမိုင်းမှာ ယခင်ကမရှိခဲ့ပါဘူး၊ ဒီစီမံချက်ကြောင့် တိကျတဲ့ လူဦးရေစာရင်းရရှိပြီး နိုင်ငံသားအရည်အချင်းရှိသူတိုင်း နိုင်ငံသားကတ်ပြားလက်ဝယ်ပိုင်ဆိုင်ခွင့်ကို ပြည်သူများ အတွက် အချိန်မကုန်၊စားရိတ်မကုန်ဘဲ လုပ်ငန်းခွင်မပျက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒီစီမံ ချက်က ခရိုင်တစ်ခရိုင်မှာ တစ်မြို့နယ်သာ အစမ်းအဖြစ်(စံပြ)စစ်ဆေးကောက်ခံပေးရမယ်လို့ ညွှန်ကြားထား သော်လည်း မြိုနယ်အားလုံးကို ဒီလိုဆောင်ရွက်ပေးရင် ပြည်သူများအတွက် ပိုမိုအဆင်ပြေမယ်ထင်ပါတယ်။ စီမံချက်ရဲ့အချိန်ကာလ ကိုတော့သတ်မှတ်ပေးမထားပါဘူး။ ဒါပေမယ့် ယခု မကွေးမြို့နယ်တစ်ခုလုံးကို ခြောက်လ အတွင်းအပြီးဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်ခင်ဗျာ…။´´ဟု မကွေးခရိုင် (လ၀က) ဒု ညွန်ကြားရေးမှူး ဦးဝင်းမြင့် က ပြောသည်။ ``ကျွန်မတို့ဆီကို ယခုလို မှတ်ပုံတင်လုပ်ပေးတာ အလွန်ဝမ်းသာပါတယ်။ တောသူတောင်သားဆိုတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတာ ရုံးတွေဘာတွေလဲ မသွားအားပါဘူး၊ သွားလဲမသွားချင်ကြပါဘူး။ သား သမီးတွေ အတွက်ကြောင့်သာ မှတ်ပုံတင်ရုံးကိုသွားနေရတာ၊ ယခုလိုလဲ ချက်ချင်း မပြီးပါဘူး။ ဟိုဟာမပါလို့ ဒီဟာမပါလို့နဲ့ ခဏ ခဏ ပြန်ချိန်းနေကြတယ်။ ယခုလို ရွာထိလာပြီး ငွေခြောက်ကျပ်နဲ့မှတ်ပုံတင်လုပ်ပေးတော့ တော်တော်ကို အဆင်ပြေသွားကြတာပေါ့ရှင်…။´´ ဟု နွားကူးကျေးရွာသူ လက်လုပ်လက်စား(ယာကူလီ) ဒေါ်နု အသက်(၅၀) ခန့်ရှိ အမျိုးသမီးတစ်ဦးမှ ပြောသည်။ မကွေးမြို့နယ်သည် ရပ်ကွက်(၁၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၁)အုပ်စု၊ ကျေးရွာပေါင်း(၂၁၆)ရွာ၊ လူဦးရေ (၂၈၂၆၄၃)ဦး၊ အကျယ်အ၀န်း(၆၈၂.၂၂)စတုရန်းမိုင်ကျယ်ဝန်း၍ တစ်စတုရန်းမိုင်လျှင် (၄၁၄)ဦး နေထိုင်လျှက်ရှိ ကြောင်း မကွေးခရိုင်(လ၀က)ရုံးမှတ်တမ်းစာရင်းအရ သတင်းရရှိသည်။ မကွေးတိုင်းဒေသကြီး(၅)ခရိုင်တွင် မကွေးခရိုင်တွင် မကွေးမြိုနယ်၊ ပခုက္ကူခရိုင်တွင် ပခုက္ကူမြို့နယ်၊ သရက်ခရိုင်တွင် မင်းတုန်းမြို့နယ်၊ မင်းဘူးခရိုင်တွင် ငဖဲမြိုနယ် နှင့် ဂန့်ဂေါခရိုင်တွင်ဂန့်ဂေါ မြိုနယ်များ၌ Door to Door (အိမ်တိုင်ရာရောက်) တစ်အိမ်တက်ဆင်း one stop servicc စနစ်ဖြင့် မှတ်ပုံတင်နှင့် မွေးတိုး၊သေဆုံး အိမ်ထောင် စုစာရင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မကွေး(လ၀က)ခရိုင်မှူး ဒုတိယ ညွန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
 

0 comments: