``တောင်တွင်းကြီးမြို့တွင် တစ်ကိုယ်တော်ဆန္ဒပြ ၊ ၎င်းအား သက်ဆိုင်ရာမှ ဖမ်းဆီးထိမ်းသိမ်း´´

ဇန်န၀ါရီ(၂၆)ရက်နေ့ နံနက်(၉း)မှညနေ(၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၌ မြို့တွင်းရှိ (၅၄)နယူးဒေး စက်သုံးဆီဆိုင် မြို့ပြင်သို့ အမြန်ဆုံးရွှေ့ပြောင်းပေးရန် ကိုကျော်ထွန်းဦး၊(ဘ)ဦးတင်ဦး၊ မောင်းတိုင်(၁)ရပ်ကွက်၊ အပိုင်း(၃)နေထိုင်သူသည် တစ်ကိုယ်တော်ဆန္ဒပြကြောင်း သတင်းရရှိသည်။ ၎င်းသည် (မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့လယ်ရှိ အမှတ်(၅၄)နယူးဒေးပုဂ္ဂလိက စက်သုံးဆီဆိုင်အား မြို့ပြင်ရွေ့ပေးရေး) ဆိုသော ကပ်ထူစက္ကူဆိုင်းဘုတ်ပေါ်တွင်အနီရောင်ဖြင့်စာရေးသားလျှက် ဆီဆိုင်ရှေ့ လက်ဘက်ရည်ဆိုင် မှ အေဂျီဒီဘက် ရှေ့သို့ လမ်းလျှောက်ကြောင်း၊၎င်းမှဖောင်တော်ဦးစေတီရှေ့သို့ ရောက်ရှိ လာရာတွင် ဥပဒေနှင့်အညီခွင့်ပြု မိန့်မရရှိသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တားဆီးကြောင်း၊ သို့သော် ၎င်းမှာ ထပ်မံသွားရောက်ခဲ့ကြောင်း၊ ထို့နောက် နယူးဒေး ဆီဆိုင်ရှေ့သို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ညနေ(၅)နာရီ ခန့်အချိန်တွင် တစ်ကိုယ်တော် ဆန္ဒပြသူကိုကျော်ထွန်းဦး အား တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် စိုင်းထွန်းကျော်နှင့် အဖွဲ့မှဥပဒေနှင့်အညီခွင့်ပြုမိန့်မရ၍ ထပ်မံတားဆီးကြောင်း၊ ၎င်းမှာ ဆက်လက်သွားလာ ဆန္ဒဆက်လက်ပြနေ ကြောင်း၊ ထို့နောက်၎င်းအား ဖမ်းဆီးထိမ်းသိမ်းခေါ်ဆောင်သွားကြောင်း၊ အဆိုပါ ဆန္ဒပြသူကို တောင်တွင်းကြီး မြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၄ ပြစ်မှု ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒပြခွင့်ဆိုင်ရာ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆို အရေးယူထားကြောင်း၊ ဆန္ဒပြသူ ကိုကျော်ထွန်းဦးသည် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြခွင့်အား သက်ဆိုင်ရာသို့ကြိုတင်လျှောက်ထားခဲ့ရာ ဇန်န၀ါရီ(၂၄)ရက်နေ့က သက်ဆိုင်ရာမှငြင်းပယ်ခံခဲ့ရကြောင်း ဒေသခံ သတင်းထောက်တစ်ဦးထံမှ သတင်းရရှိသည်။ ၎င်းမြို့တွင်းရှိ ဆီဆိုင်ကိစ္စမှာ ၂၀၁၃၊ ဒီဇင်ဘာ(၂)ရက်ကလည်း နံနက် (၁၀ မှ၁၁)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့၌ မြို့တွင်းရှိ (၅၄)နယူးဒေး စက်သုံးဆီဆိုင်ကို မြို့ပြင်သို့ အမြန်ဆုံးရွှေ့ပြောင်းပေးရန် ကိုကျော်ထွန်းဦးပါ(၁၄)ဦးတို့က မကွေး တောင်တွင်းလမ်းမ တစ်လျှောက်နှင့် ၎င်းစက်သုံးဆီဆိုင်ရှေ့တို့မှာ ဆန္ဒပြ ကြောင်း၊ ၎င်းတို့အဖွဲ့အား ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒပြခွင့်ဆိုင်ရာ ပုဒ်မ(၁၈)ဖြင့် တရားစွဲခံရကြောင်း၊ တရားရင်ဆိုင်နေရစဉ် ၂၀၁၃၊ ဒီဇင်ဘာ(၃၁)ရက်နေ့ က နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်ချမ်း သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြကြောင်း သိရသည်။
 

0 comments: