``နိုင်ငံတော်သမ္မတ မကွေးခရီးစဉ်တွင် `သမ္မတကြီး ငါးမိနစ်ခန့်တွေ့ခွင့်ပြုပါ.. အနိုင်ကျင့်ခံရလို့ပါ´ ဟု ကျောင်းဆရာမ ပင်စင်စားတစ်ဦးက အော်ဟစ်၍ အကူအညီတောင်းခံ´´

ဇန်န၀ါရီ(၁၆)ရက်နေ့ နံနက်(၉)နာရီ မှ(၁၀း၃၀)အချိန့်ခန့်တွင် မကွေးမြို့ မကွေးမြို့တော်ခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားမြှင့်တင်ရေးအခမ်းအနားအပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့ သမ၀ါယမ စက်ပစ္စည်းများအရောင်းပြခန်းအား လှည့်လည်ကြည့်ရှုနေစဉ် အမျိုးသမီးတစ်ဦးမှ `သမ္မတကြီး ငါးမိနစ်ခန့်တွေ့ခွင့်ပြုပါ.. အနိုင်ကျင့်ခံရလို့ပါ´ဟုအကြိမ်ကြိမ်အော်ဟစ်၍ ခွင့်တောင်းကြောင်းသတင်းရရှိသည်။ အဆိုပါအမျိုးသမီးဒေါ်သန်းမြင့်သည် အလယ်တန်းပြဆရာမကြီး (အ.လ.က ၄)ကျောင်းမှ ပင်စင်စား တစ်ဦးဖြစ်ကြောင်း ၊စစ်မှုထမ်းဟောင်း ဦးမောင်မောင်(ကွယ်လွန်)၏ဇနီးဖြစ်ကြောင်း မီဒီယာများရှေ့တွင် ပြောဆိုသည်။ အနိုင်ကျင့်ခံရခြင်းမှာ မကွေးမြို့ ဈေးလယ်စိုးရပ်ကွက် ဘုရားလမ်းနှင့်(၃) လမ်းထောင့်ရှိ အမှတ်(၆၃) (၀.၁၀၇)ဧက၊ မူလပိုင်ရှင် ဦးဟာမက်ဘက် မှ အန္ဒိယသို့အပြီးပြန်သွား၍ (၁၉၄၈)ခု မြေစာရင်း ပုံစံ(၁၀၅) ဦးပိုင်မြေစာရင်းမြေပုံအရ ပေးကမ်းထားခဲ့သော မိသားစု(၉)ဦးနှင့် အိမ်ထောင် စုပေါင်း(၂၅) ဦးပိုင်အိမ်ဝိုင်း နှင့်အဆောက်အဦးများအား မတရားသိမ်းဆည်း၍ ဖျက်ဆီးပြီး လွန်ခဲ့သော တစ်နှစ်ခွဲခန့်အကြာက အနှင်ခံခဲ့ရ ကြောင်း သူမကပြောသည်။ သူမအား လုံခြုံရေးရဲမေများနှင့် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး ၏ ကားဖြင့် ထိမ်းသိမ်းခေါ်ဆောင်သွားကြောင်း သိရသည်။ ၎င်းနေ့ နေ့(၁၂း၁၅)အချိန်ခန့်တွင် ဆရာမကြီး ဒေါ်သန်းမြင့်အား သက်ဆိုင်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားရေးမှူး ဦးမင်းယုရှိန်နှင့် တာဝန်ရှိသူများ၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးပြန်ကြားရေးဌာန နှင့် MRTV4 ရုပ်/သံအဖွဲ့နှင့် သတင်းမီဒီယာအဖွဲ့မှ သူမနေထိုင်ရာ လမ်းဘေးရှိ တဲသို့ပြန်ပို့ပြီး အင်တာဗျူးပြုလုပ်ကြသည်။ ``ကျမတို့ နှစ်(၈၀)လောက်နေလာတဲ့ ကျမတို့ ဘိုးအေဦးဟာမက်ဘက်ပိုင် ဒီမြေကွက်ကြီးကို လုံးဝနေ ထိုင်ခဲ့ခြင်းမရှိတဲ့ တောင်တွင်းကြီးမြို့က ဒေါ်တင်တင် က ဒီအိမ်ဝိုင်းမှာ နေထိုင်တယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူ ထောက်ခံချက် လက်မှတ်ယူပြီး မကွေးခရိုင်အုပ်ချုပ်ရေးမှူးရုံးကလဲ လုပ်ထုံးလုပ်နည်း နဲ့မညီဘဲ မြေဂရံကိုထုတ်ယူ သွားပါတယ်။ အဲဒီကနေ မကွေးတိုင်းတရားသူကြီးရုံးသို့ ကျမတို့ကို တရားမမှုနဲ့တရားစွဲခံရပါတယ်။ တရားခွင်မှာ ငွေများတရားနိုင် ဆိုသလို ကျမတို့ရှုံးခဲ့လို့ ပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်က နေအိမ်တွေဖျက်ပြီး အားလုံးထွက်ပေးရန် အမိန့်ချအနိုင်ကျင့်ခံလိုက်ရပါတယ်။ ယခုမြင်ရတဲ့အတိုင်း ကျမ လမ်းဘေးမှာ မိုးကာတဲလေးထိုးပြီးနေရပါတယ်။ တရားစွဲနေတုန်း ဒေါ်တင်တင် ကသေဆုံးသွားတော့ သူ့သားကိုအောင်သန်း (တောင်တွင်း) နဲ့ ဦးဝေဖြိုးအောင် (မကွေး) တို့ကိုကိုယ်စားလှယ်လွှဲထားခဲ့ပါတယ်။ ဒီကိစ္စကို ပြီးခဲ့တဲ့နှစ်လလောက်မှာ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ တို့ထံ အကူအညီတောင်းခံတင်ပြခဲ့လို့ ကျမတို့အိမ်ဝိုင်းမြေကို လိမ်ညာပြီး လက်မှတ်ရေး ထိုးပေးခဲ့တဲ့ ယခင်ဈေးလယ်စိုးရပ်ကွက်ဥက္ကဋ္ဌ နဲ့ တရားစွဲစဉ်က အမှုကိုယ်စားလှယ်နှစ်ဦး တို့ကို လိမ်ညာမှု-ပုဒ်မ(၄၂၀)နဲ့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တရားပြန်စွဲထားပါတယ်။ အဲဒီအရင် အမှုရှုံးတုန်းက အချိန်ကလဲ အထက်အဆင့်ဆင့် ဒေသပိုင်အာဏာပိုင်များနဲ့ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာတည်ငြိမ်အေးချမ်းရေး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် တိုင်ကြားစာများလက်ခံတဲ့ သမ္မတ၀က်ဆိုက်ထိ တိုင်ကြားထားတာ ယနေ့အထိအကြောင်းမထူးလို့ ယခုလို သမ္မတကြီး လာနေတုန်း အကူအညီတောင်းတဲ့အနေနဲ့ အော်ဟစ် လိုက်ရတာပါ။ ကျမအတွက် သမ္မတကြီနဲ့ ပရိပ်သတ်တွေအားလုံးအနှောက်ယှက်ဖြစ်သွားတာ အားနားပါတယ်ရှင်၊ သမ္မတကြီး ဦးသိန်းစိန်က ယခုလိုအရေးတယူနဲ့ သက်ဆိုင်ရာဌာနတွေက လာရောက်ပြီး မေးမြန်းဆောင်ရွက် ပေးလို့ သမ္မတကြီးကို အထူးပဲကျေးဇူးတင်ပါတယ်´´။ဟု ဒေါ်သန်းမြင့် က သက်ဆိုင်ရာလူကြီးများနှင့် သတင်းမီဒီယာများအား ပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှတာဝန်ရှိသူများနှင့်သက်ဆိုင်ရာဌာနများသည် မကွေးမြို့ တော်ခန်းမသို့ ပြန်လည်ထွက်ခွာပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်ကို မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန် ကဖြေဆိုသည်။ `` နိုင်ငံတော်သမ္မတကြီး၏မှာကြားချက်အရ ဆရာမကြီး ဒေါ်သန်းမြင့်ကို တရားစွဲဆိုခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းမပြုရန် လမ်းညွှန်တဲ့အတွက် ဖြစ်စဉ်အမှန်အတိုင်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးဖြေရှင်း ရန်ဆောင်ရွက်သွားပါမည်´´ဟု မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန် ကဖြေဆို ကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ(၁၇)ရက်နေ့ နံနက်(၁၂)နာရီအချိန်ခန့်တွင် တရားပြိုင် ဒေါ်တင်တင်(တောင်တွင်းကြီး) ကွယ်လွန်သူမှ ကိုယ်စားလှယ်လွှဲခဲ့သော ဦးဝေးဖြိုးမောင်(မကွေး)ထံသို့ မေးမြန်းခဲ့ရာ… `` ကျွန်တော့်ကို ဒေါ်တင်တင်က ၂၀၀၇ နှစ်မှာ (ဂျင်နရယ်ပါဝါ)ကိုယ်စားလှယ်လွှဲခဲ့ပါတယ်။ အမှုရင်ဆိုင်နေတုန်း ဒေါ်တင်တင်က သေဆုံးသွားတဲ့အတွက် (ဂျင်နရယ်ပါဝါ)ကိုယ်စားလှယ်လွှဲစာအရ ကျွန်တော်က ဂျင်နရယ်ပါဝါ ပျက်ပြယ်ခဲ့ပါတယ်။ ယခု ကိစ္စမတိုင်ခင်က မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးက တစ်ခါခေါ်မေးလို့ သွားခဲ့ရပါတယ်။ အမှုနဲ့ပါတ်သက်လို့ စာရွက်စာတမ်းတွေကတော့ လူကြီးတွေဆီမှာ အပြည့်အစုံရှိပါ တယ်..။´ဟုကိုဝေဖြိုးမောင် ကပြောသည်။ မကွေးမြို့ဂျာမေးဗလီဂေါပက ဥက္ကဋ္ဌဟောင်း ဦးတင်ငွေ(ခ)ဟာဂျီကျောက် နှင့် လက်ရှိဥက္ကဋ္ဌ ဦးတင်ဇော် တို့ အဖွဲ့(၄)ဦးထံသွားရောက်မေးမြန်းရာ.. ``တောင်တွင်းကြီးမြို့ ဒေါ်တင်တင်ရဲ့ခင်ပွန်း ဦးဘသန်း(ခ)အရာရှစ်က ဒီအိမ်ဝိုင်းမြေကို စစ်အပြီး ၁၉၄၈ ခု စက်တင်ဘာလ(၇)နေ့မှာ PUBLIC ACTION HELD မှ လေလံဆွဲယူပြီးပိုင်ဆိုင်ခဲ့ကြောင်း၊ ဦးဘသန်းဆုံးသွားတော့ ဇနီးဒေါ်တင်တင်က ၁၉၈၆ ခု၊ ဇွန်လ(၅)ရက်နေ့မှာ မကွေးဂျာမေးဗလီကို လှူဒါန်းခဲ့ပါတယ်။ အထောက်အထား ရှိပါတယ်။ ဒီမြေကွက်ပေါ်ကို မလှမြင့်နဲ့ မသန်းမြင့်တို့ ဖခင် အရာမန်(ခ) ဦးအရာမန်တို့က မြေပိုင်ရှင်ဦးဘသန်း ထံသို့ တစ်လလျှင်ငွေကျပ်တစ်ဆယ်ဖြင့်ဌားနေခဲ့တာပါ။ ၁၉၅၃ ခုနှစ်မှာ လခ(၃၀)ကျပ်ပေးရန် တိုးကောက်လို့ ငှါးရမ်းနေထိုင်သူများက မပေးလို့ တရားရုံးတော်အမှုအမှတ် ၂/၅၃တရားစွဲဆိုခဲ့ပါတယ်။ ဒေါ်တင်တင်နာမည် ပေါက် ဂရမ်ကို (၆-၄-၂၀၀၀) မှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးလက်မှတ်ထိုးပြီ နှစ်(၃၀)ဂရမ်ရရှိခဲ့ပါတယ်။ ဒေါ်တင်တင်ရဲ့သား ကိုယ်စားလှယ် ဦးအောင်သန်း၊ ဦးဝေဖြိုးမောင်တို့ နဲ့ သူတို့ တရားမမှုကို ၂၀၁၂ ခုနှစ် မတ်လ(၂၉)ရက်နေ့က ဒုတိယ ခရိုင်တရားသူကြီး ဦးမောင်မောင်အေား လက်မှတ်နဲ့ ၎င်းမြေကွက်ပေါ်ရှိ နေအိမ်များကို ဖျက်သိမ်းဖယ်ရှားပေးရန် စီရင်ချက်ချထားခဲ့ပြီးဖြစ်ပါတယ်…။´´ဟု မကွေးမြို့ဂျာမေးဗလီဂေါပက ဥက္ကဋ္ဌ ဦးတင့်ဇော် နှင့်အဖွဲ့က ပြောသည်။
 

0 comments: