``မြေလတ်ဒေသတောင်သူလယ်သမားညီလာခံ မကွေးမြို့တွင်ကျင်းပ၍ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားများ သမဂ္ဂ ဖွဲ့စည်း´´

ဇန်န၀ါရီ(၃၁)ရက် နံက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အထိ မကွေးမြို့ အစိုးရရပ်ကွက် တောင်တွင်း ကြီးလမ်း သံဃရာမစာသင်ကျောင်းတိုက်တွင် မြေလတ်ဒေသတောင်သူလယ်သမားညီလာခံ မကွေးမြို့တွင် ကျင်းပ၍ မြေလတ်ဒေသတောင်သူလယ်သမားများ သမဂ္ဂ ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားအား မကွေးမြစ်ကွေ့ဧရာလူမှုကွန်ရက်မှ ဦးဆောင်းကျင်းပ၍ နာယကများအဖြစ် လယ်ယာမြေများနှင့် အခြားမြေများသိမ်းဆည်းခြင်း စစ်ဆေးရေးကော်မတီဝင် မကွေးမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေများနှင့် အခြားမြေများသိမ်းဆည်းခြင်း စစ်ဆေးရေးကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်း(ပဲခူးတိုင်းNLD)၊ မကွေးတက္ကသိုလ် ကျောင်းသားဟောင်း ဦးတင်စိုးဝင်း နှင့် တောင်တွင်းကြီးမြို့မှ ဦးဝင်းအောင် တို့က နာယက ပြုလုပ်ကြောင်း၊ အခမ်းအနားမှူးအဖြစ် ဦးအောင်ကျော်ကျော်( အတွင်းရေးမှူး မကွေးမြစ်ကွေ့ဧရာလူမှုကွန်ရက်)နှင့် နှစ်ဦးတို့ မှ ဆောင်ရွက်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုမှ မြို့နယ်(၂၆)မြို့နယ် တောင်သူလယ်သမား ကိုယ်စားလှယ်တော်ကြီးများ နှင့် ဖိတ်ကြားထားသူ ဧည့်သည်တော်များ စုစုပေါင်းအင်အား(၁၀၀)ကျော်ခန့် တက်ရောက်ကြသည်။ `` ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှ မြေယာသိမ်းဆည်းမှုပေါင်း(၂၀၀)ကျော်ကို ပြည်သူ့လွှတ်တော်က လယ်ယာ မြေများနှင့် အခြားမြေများသိမ်းဆည်းခြင်း စစ်ဆေးရေးကော်မတီက စစ်ဆေးပြီးပါပြီ ဒါပေမယ့် ပြည်ထောင် စုလွှတ်တော် အစိုးရအဖွဲ့ (၂၇)မှုထဲက မြေဧကတစ်သိန်းကို ဖြေရှင်းပြီးလို့သာပြောတာ၊ ဘယ်လိုပြန်ပေးတယ်၊ ဘယ်နှုန်းနဲ့လျော်ကြေးပေးတယ်၊ ပြန်မပေးတဲ့မြေက ဘယ်နှစ်ဧကဆိုပြီး တိတိကျကျနဲ့ မဖော်ပြဘူး၊ ဖြေဆိုသူ ၀န်ကြီတွေက လုံးပြီးဖြေတယ်။ ရှင်းရှင်းလင်းလင်းမရှိဘူး၊ ယခုကျင်းပနေတဲ့ န၀မအကြိမ် လွှတ်တော်ထဲမှာ တော်တော်ဂယက်ရိုက်သွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ လွှတ်တော်ကိုချည်း အားကိုးမနေကြပါနဲ့၊ ယခုလို တောင်သူလယ်သမားများ သမဂ္ဂအဖွဲ့အစည်းတွေ များများဖွဲ့ပြီး တောင်သူ လယ်သမားတွေရဲ့ နစ်နာချက်တွေကို လွှတ်တော်ပြင်ပကလည်း တောင်းဆိုစေချင်ပါတယ်..။´´ ဟု လယ်ယာမြေများနှင့် အခြားမြေများသိမ်းဆည်းခြင်း စစ်ဆေးရေးကော်မတီဝင် မကွေးမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က တက်ရောက်သူ တောင်သူလယ်သမားများအား ပြောသည်။ ``ကျွန်တော်တို့ လွှတ်တော်က အာပဲရှိပါတယ်။ အစိုးရအဖွဲ့မှာက ဏာဆိုတဲ့ လုပ်ပိုင်ခွင့်အာဏာရှိပါတယ်။ ကျွန်တော်တို့ မြေယာစစ်ဆေးရေးကော်မတီက ဘယ်လောက်ပဲ စစ်ဆေးပြီးပြီး၊ အစိုးရ က မြေယာတွေကို ရှင်းရှင်းလင်းလင်း ပြန်မပေးနိုင်တာက များပါတယ်။ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အစိုးရတို့က ဖိုခနောက်ဆိုင် ပြုလုပ်ရမှာပါ၊ ယခုတော့ သံလမ်းလို မျဉ်းပြိုင်ဖြစ်ပြီး ပွတ်တိုက်မှု တွေဖြစ်နေကြ ပါတယ်။ ဒါကြောင့် ယနေ့မြန်မာပြည်မှာ ပထမဆုံးပြုလုပ်ဖွဲ့စည်းလိုက်တဲ့ မြေလတ်ဒေသတောင်သူ လယ်သမားများ ညီလာခံကနေ ပေါ်ပေါက်လာမဲ့ သမ္မဂအဖွဲ့တွေကို ကြိုဆိုပါတယ်၊ တောင်သူလယ်သမားတွေရဲ့ နစ်နာဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို အကြောက်တရားကင်းရှင်းပြီး ဒီဥပဒေ က မတရားဘူး၊ ဒီဥပဒေက တောင်သူလယ်သမားအခွင့်အရေးမပါဘူး ဆိုပြီး ထောက်ပြကြပါ။ ဒါမှသာ တောင်သူလယ်သမားတွေရဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ရပြီး ဒီမိုကရေစီ စစ်စစ်ကိုရကြမှာပါ..။´´ ဟု မြေယာစစ်ဆေးရေးကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်း(ပဲခူးတိုင်း NLD) က နာယက အမှာစကားပြောသည်။ ထို့နောက် ခရိုင်(၅)ခရိုင်၊ (၂၆)မြို့နယ်မှ တောင်သူလယ်သမားကိုယ်စားလှယ်များမှ တစ်မြို့နယ် တစ်ယောက်နှုန်းဖြင့် ခံစာချက်များအားရင်ဖွင့်ပြောကြားကြသည်။ နေ့လည်ပိုင်းတွင် မြေလတ်ဒေသ တောင်သူ လယ်သမားညီလာခံမှ မြေလတ် ဒေသ တောင်သူလယ်သမားများ သမဂ္ဂအဖွဲ့ဝင်ပေါင်း(၅၂)မှ ဦးစီးကော်မတီ (၁၁)ဦးတို့ကို ဒီမိုကရေစီကျစွာဖြင့် ရွေးချယ်တင်မြှောက်ကြသည်။ မကွေးတိုင်းဒေသကြီး မြေလတ်ဒေသတောင်သူလယ်သမားများ၏ သမဂ္ဂ အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုးနိုင်(ပွင့်ဖြူ)၊ ဒု ဥက္ကဋ္ဌ ဦးကျော်ဌေး(မကွေးမြို့နယ်)၊ အတွင်းရေးမှူး ဦးဇော်မင်းနိုင်(ရေနံချောင်း)၊ တွဲဘက်အတွင်းရေးမှူး-၁ ဦးကျောက်စိမ်း(ပခုက္ကူ)၊တွဲအတွင်းရေးမှူး-၂ ဦးကျော်မင်းဦး(မင်းတုန်း)၊ သတင်းနှင့်ပြန်ကြားရေး-၁ ဦးမြင့်စိန် (ရေစကြို)၊ သတင်း/ပြန်ကြား-၂ ဦးလှသောင်း(ကျောက်ထု)၊ ဘဏ္ဍာရေးမှူး ဦးမျိုးသန့်(မကွေး)၊တွဲ ဘဏ္ဍာရေးမှူး ဦးခင်မောင်စိုး(စလင်း)၊ အဖွဲ့ဝင် ဦးသာလင်း(ဂန့်ဂေါ)၊ ဦးပေါ်ဦး(ဆင်ပေါင်ဝဲ)တို့ဖြစ်ကြောင်း၊ တရားဝင် မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂ အဖြစ်ဖွဲ့စည်းကြောင်း သက်ဆိုင်ရာသို့ ဥပဒေ၊နည်းဥပဒေများ နှင့်အညီ မှတ်ပုံတင် မည်ဖြစ်ကြောင်း၊ ထို့နောက် ခရိုင်/မြို့နယ်/ရပ်ကျေးတောင်သူလယ်သမားသမဂ္ဂများကိုလည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးစိုးနိုင်မှ ပြောသည်။ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားများ သမဂ္ဂ အဖွဲ့သည် မြန်မာနိုင်ငံအတွင်း၌ ပထမ အဦးဆုံး မြေလတ်ဒေသတောင်သူလယ်သမားများညီလာခံခေါ်ဆို၍ တောင်သူလယ်သမားသမဂ္ဂ အဖြစ်ဖွဲ့စည်းနိုင်ခဲ့ ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိန်ထွန်း(ပဲခူးNLD) မှ ပြောသည်။
 

0 comments: