`` ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က တောင်သူလယ်သမားများ၏ မြေယာသိမ်းဆည်းခြင်း ကိစ္စများကို တောင်သူလယ်သမားအဖွဲ့များဖွဲ့၍ လွှတ်တော်ပြင်ပကလည်း တောင်းဆိုသင့် ဟုဆို´´

ဇန်န၀ါရီ(၂၅)ရက်နေ့ နေ့လည်(၂)နာရီခန့်တွင် မကွေးမြို့ သံဃရာမကျောင်းတိုက်၌ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်သိန်းအား ယခုကျင်းပနေသော န၀မအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မကွေးတိုင်း ဒေသကြီးအတွင်းမှ သိမ်းဆည်းခံထားရသော လယ်ယာမြေအမှုများ(၂၇၇)မှု၏ အခြေအနေအား မေးမြန်းခဲ့ ပါသည်။ `` ဒီမြေတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးရေး ကော်မတီ တိုင်းဒေသကြီး/ပြည်နယ်ဒေသအဆင့်ဆင့်က စစ်ဆေးဆောင်ရွက်ပြီးသားတွေကို သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြန်ပေးဖို့ ပြည်ထောင်စုလွှတ်တော် အစိုးရအဖွဲ့က တာဝန်လွှဲပေးတယ်။ ဒီမြေတွေက အစကထဲက ဒီဝန်ကြီးချုပ်တွေက စစ်တိုင်းမှူး တပ်မမှူးဘ၀မှာ သိမ်းထားတာတွေဆိုတော့ ပုဏ္ဍားလက် ၀ကွက်အပ်သလိုဖြစ်လိမ့်မယ်လို့ ပြောဆိုကြတယ်။ ယခု ထင်သလိုဖြစ်လာပါတယ်၊ လွှတ်တော်ထဲမှာ ဗုဒ္ဓဟူးနေ့က လယ်/ဆည်ဒုဝန်ကြီးလာပြီးရှင်းပြခဲ့တယ်။ ရှင်းလင်းတဲ့နေရာမှာ တကယ်တန်းတိတိကျကျ မပါဘဲ ကျွန်တော်တို့ မကွေးတိုင်းက အမှု(၂၀၀)ကျော်ထဲက နမူနာအနေနဲ့အမှု(၅၂)မှု လွှတ်တော်မှာတင်ပေးတယ်၊ အဲဒီအထဲက အမှု(၂၇)မှုက စုစုပေါင်းဧက တစ်သိန်းကျော်ကို ပြန်ပေးတယ်လို့ ဒု ၀န်ကြီးကဖြေရှင်းတယ်၊ ဒါလောက်ပဲဖြေတယ်။ တကယ်တန်းပါသင့်တာက ပြန်ပေးရင်လဲ ဘယ်လိုပြန်လွှဲသလဲ၊ နစ်နာကြေးတွေ ကိုဘယ်လိုပေးသလဲ၊ ဘယ်သူ ဘယ်ကုမ္ပဏီက ဘယ်နှုန်းနဲ့ပြန်ပေးတယ်၊ ပြန်ပေးဖို့ ကျန်တာဘယ် လောက်ကျန်တယ် ဆိုတာတွေ အသေးစိတ်ပါရမယ်။ အဲဒီနေ့ ဗုဒ္ဓဟူးနေ့က ကျွန်တော်တို့ ဥက္ကဋ္ဌ ဦးတင်ထွဋ်က ထပြောပါတယ်။ အဲဒီနေ့က လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေ တော်တော်များများက အဲဒီကိစ္စတွေ ဆွေးနွေးပြီးပြောဖြစ်ကြပါတယ်။ ၀န်ကြီးဌာနက မြေယာကိစ္စတွေကို နှစ်လတစ်ကြီမ်ရှင်းပေးမယ်ပြောပါတယ်။ လယ်သမားများကို ဘာများပြန်ပြောချင်သလဲဆိုရင်တော့ ကျွန်တော်ပြန်ပြီးပြောရမှာကို ခတ်ရှက်ရှက်ဖြစ်နေပါပြီ၊ လွှတ်တော်ထဲမှာဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးတွေကပြန်ပေးတာကတော့ ကော်မတီဗွိုက်နဲ့လုပ်ပေး မယ်၊ သစ်တောဆိုရင်လည်း နှစ်ဆယ့်သုံးပေခြားပြီးတော့ လွတ်လွတ်လပ်လပ်စိုက်ပျိုးနိုင်တယ်၊ စစ်တပ်ကသိမ်းတဲ့ မြေဆိုရင်လည်း ပြန်ပေးမယ်၊ တပ်ထဲမှာ လွတ်တဲ့လယ်ယာမြေဆိုရင်လဲ တောင်သူတွေလာစိုက်ပါ၊ ပုံစံ(၁)(၇) မကျသော်လည်း သူတို့မြ၀တီဘဏ်ကနေ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးပါ့မယ်လို့ ပြောခဲ့ပေမယ့်၊ ယနေ့အချိန်ထိ တကယ်တန်းပြန်ပေးတဲ့မြေက မကွေးတိုင်းထဲမှာဆိုရင် မြေဧကတစ်သိန်းကျော်ပြန်ပေးတယ် ဆိုသော်လည်း တကယ်တန်းပြန်ရတာက တော်တော်ကိုနည်းနေသေးတယ်။ မကွေးမှာဆိုရင်ဗျာ တင့်ကားတပ်ရှိတယ်၊ တင့်ကား တပ်ဆိုသော်လည်း တပ်စိတ်တစ်စိတ်လောက်သာအင်အားရှိတယ်၊ သိမ်းထားတဲ့မြေတွေက တောင်သူပိုင်မြေဧက ပေါင်း ခြောက်ရာကျော်လောက်ရှိတယ်၊ အဲဒါတွေပြန်ပေးမှာလား မေးတော့ ပြန်မပေးနိုင်ဘူးလို့ သိရတယ်၊ တောင်သူတွေရဲ့ မိသားစုဘ၀ စားဝတ်နေရေးအတွက် အခက်အခဲတွေကြောင့်ပြန်တောင်းဆိုသော်လည်း အလကားမျှော်လင့်ချက်တွေဖြစ်နေရပါတယ်။ လယ်ယာမြေ ပြန်လည်တောင်းဆိုသူတွေကို အချို့နေရာတွေမှာ အဖမ်းအဆီးခံနေကြရတဲ့ တောင်သူလယ်သမားတွေအများကြီးရှိနေပါတယ်၊ မကွေးမှာတော့ အဖမ်းမခံရပါဘူး။ တောင်သူလယ်သမားတွေကို ကျွန်တော်ပြောချင်တာက လွှတ်တော်ထဲမှာ ကျွန်တော်တို့လည်းတတ်နိုင် သလောက် လုပ်ပေးနေပါတယ်၊ သို့သော်လည်း လွှတ်တော်ထဲက ကျွန်တော်တို့ကော်မရှင်ကိုချည်းအားကိုး မနေကြပါနဲ့၊ တောင်သူလယ်သမားအဖွဲ့အစည်းတွေ များများဖွဲ့စည်းစေချင်ပါတယ်။ ကိုယ့်တောင်သူလယ်သမား များရဲ့ဘ၀နစ်နာချက်တွေကို ဒီလယ်သမားအဖွဲ့စည်းတွေကနေ တဆင့်တင်ပြတောင်းဆိုကြပါ။ အဲသလို လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပကနေ နှစ်လိုင်းသွားမှသာ တောင်သူလယ်သမားတွေရဲ့ ဘ၀အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်..။´´ဟု မကွေးမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က ကိုပြောသည်။
 

0 comments: