``မကွေးမြို့မှ အံ့သြလောက်တဲ့ မိသားစုရဲ့ ဒါနကုသိုလ်အလှူတော် နတ်လူသာဓုခေါ်စေသော်´´

ဇန်န၀ါရီ(၃၀)ရက်၊ နံနက်ပိုင်း(၁၀)နာရီအချိန်ခန့်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက(၁)လမ်း အောင်မြေရတနာစာသင်ကျောင်းတိုက်၌ မော်တော်ယာဉ်အလှူနှင့် (၈)ဌာနသို့ငွေများအသီးသီးလှူဒါန်းပွဲ ကျင်းပ ကြောင်းသတင်းရရှိသည်။ အလှူရှင်မိသားစုမှာ မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ (၈)လမ်း၊ အမှတ်(၂၃၆)နေ ဦးထွန်းခင်+ဒေါ်ခင်မျိုးလဲ့ သမီး မခင်သုမွန် မိသားစုတို့က အောင်မြေရတနာကျောင်းတိုက်အသုံးပြုရန်အတွက် (PRADO) ပါရာဒိုမော်တော် ယာဉ်၊ ငွေကျပ်(၃၁၅) သိန်းတန်အား လှူဒါန်းကြောင်း၊ ၎င်းမော်တော်ယာဉ်အလှူပွဲနှင့်အတူ မကွေးမြို့နေ့စဉ် သံဃာဒါန ဆွမ်းလှူအသင်းသို့ ဆွမ်းပဒေသာပင်ငွေကျပ်(၁၅၀)သိန်း စိုက်ထူလှူဒါန်း၍ ယခင်လှူဒါန်းပြီး ဆွမ်းပဒေသာပင် အလှူငွေဖြင့် ပေါင်းလျှင် ငွေကျပ်(၂၆၀)သိန်း ဆွမ်းပဒေသာပင်စိုက်လှူထားပြီးကြောင်း သိရသည်။ ၎င်းလှူဒါန်းပွဲတွင် မကွေးမြို့ ရာဇမုနိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ပညာဒါနအဖြစ် ငွေကျပ်(၁၀)သိန်း၊ သာသနာ့ဂုဏ်ရည် သီလရှင်ပညာသင်ကျောင်း မူလတန်းလွန်ကျောင်းအတွက်(၁၀)သိန်း၊ သီတာရုံသီလရှင် ပညာရေးကျောင်းအတွက်(၁၀)သိန်း၊ မကွေးမြို့ ဖန်းခါးမြေဘိုးဘွားရိပ်သာအတွက်(၁၀)သိန်း၊ မကွေးမြို့နယ်၊ ယင်းသာစည်ကျေးရွာ၊ တရားရိပ်သာသို့ စက်ရေတွင်း၊ အင်ဂျင်မီးစက်၊ ကွန်ပရက်ဆာ များအတွက် (၁၅)သိန်း၊ ရေနံချောင်းမြို့နယ်၊ အလယ်ကုန်းကျေးရွာ၊ အထက်တန်းကျောင်းခွဲသို့ ကျောင်းဆောင်သစ်ဆောက် လုပ်ရန်အတွက်(၇)သိန်း၊ ယနေ့အလှူပွဲ၌ ပင့်သံဃာဆရာတော်ကြီး(၇)ပါးနှင့် စာချနာယက ပင့်သံဃာ(၁၈)ပါး အတွက် သင်္ကန်းဒွိစုံ နှင့်အလှူတော်ငွေ(၂၇)သိန်း နှင့် ပင့်သံဃာတော်ဆရာတော်ကြီးများနှင့် အောင်မြေရတနာ ကျောင်းတိုက် သံဃာတော်များအား နေ့ဆွမ်းကပ်လှူရန်(၁၂)သိန်းဖြင့် (၈)ဌာန အသီးသီးတို့ကို အလှူရှင် ဦးထွန်းခင်+ဒေါ်ခင်မျိုးလဲ့ သမီး မခင်သုမွန် မိသားစုတို့က နိဗ္ဗာန်သို့ ရည်မှန်းပြီး ရေစက်သွန်းချ အမျှဝေ၍ နတ်လူသာဓုခေါ်ဆိုကြောင်း သတင်းရရှိပါသည်။ အလှူရှင် ဦးထွန်းခင်သည် ရိုးသားသော တောင်သူလယ်သမားမျိုးရိုးမှပေါက်ဖွားသူဖြစ်သည်။ အစိုးရ ၀န်ထမ်းအငြိမ်းစားတစ်ဦးဖြစ်၍ လက်ရှိတောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းကို ပူးပေါင်း လုပ်ဆောင်နေသူဖြစ်ကြောင်း၊ စိုက်ပျိုးရေးလောကအတွက် သြဂဲနစ်မြေသြဇာထုတ်လုပ်ရေး၊ သြဂဲနစ်(ဓာတုဗေဒ ပိုးသတ်ဆေးဝါးနှင့်မြေသြဇာ)များလွတ်ကင်းစေသော သီးနှံစိုက်ပျိုးရေးများကို အခမဲ့လက်တွေ့ပညာပေးနေသော စိုက်ပျိုးရေးပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သတင်းရရှိပါသည်။
 

0 comments: