``ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား(၃၄)ယောက်အား လွတ်ပေးရန် ဆရာတော် ဦးရက္ခ၀ံသ တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒပြ၍ မကွေးမြို့သို့ ကြွရောက် ´´

ဇန်န၀ါရီ(၇)ရက်၊ ရေနံချောင်းမြို့မှ နံနက်(၅)နာရီစတင်လမ်းလျှောက်၍ ညနေ(၆း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့သို့ ဆရာတော် ဦးရက္ခ၀ံသကြွချီလာ၍ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား(၃၄)ယောက် လွတ်ပေးရန် ဆုတောင်း မေတ္တာပို့ပြီး တစ်ကိုယ်တော်ဆန္ဒပြ၍ ကြွရောက်လာကြောင်း၊ ည(၆း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ နတ်မောက်လမ်းအနောက်တည့်တည့်သို့ဝင်လာပြီး ဗိုလ်ချုပ်လမ်းမြောက်မှ တောင်သို့ကြွချီကြောင်း၊ ဗိုလ်ချုပ်လမ်း မှ လမ်းငါးသွယ်အရောက် တောင်တွင်းကြီးလမ်းအတိုင်းကြွ၍ သံဃာရာမကျောင်းတိုက်သို့ ည(၇)နာရီအချိန်ခန့် တွင် ၀င်ရောက်ခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။ ဆရာတော်၏ လမ်းလျှောက်ခရီးစဉ်တွင် မကွေးမြို့နယ်မှ NLD ပါတီဝင်အချို့ ဒါယကာ ဒယိကာမများ၊ (၈၈)မျိုးဆက်ကျောင်းသား(မကွေး)အဖွဲ့ဝင်များ နှင့် ကျောင်းသား များသမ္မဂ(မြေလတ်ဒေသ)ကျောင်းသားအချို့ စုစုပေါင်းအင်အား(၃၀)ခန့်၊ မော်တော်ယာဉ်(၃)စီး၊ မော်တော် ဆိုင်ကယ်များဖြင့် လိုက်ပါလျှက် ရေပုလင်း၊ အချိုရည်၊ ဆေးဝါးများကို ဆရာတော်၏နောက်မှ ၀ိုင်းရံ ကပ်လှူကြကြောင်း၊ ဒေသခံ အာဏာပိုင်များမှ တားဆီးပိတ်ပင်ခြင်းမရှိကြောင်း သိရသည်။ ဆရာတော် ဦးရက္ခ၀ံသ သက်တော်(၅၁)၊ ၀ါတော်(၁၆)၀ါ၊ ရန်ကုန်မြို့ မြောက်ဒဂုံ၊ မကွေးကျောင်းတိုက် တွင် သတင်းသုံးကြောင်း၊ ယခု ဆရာတော်၏ တစ်ကိုယ်တော်လမ်းလျှောက် ခရီးစဉ်အစမှာ ဇန်န၀ါရီ(၆) ရက်နေ့နံနက်ပိုင်းမှာ ဂွေးပင်ရွာမှ စတင်ပြီး ရေနံချောင်းမြို့တွင် ညအိပ်ရပ်နားကြိမ်းစက်ခဲ့ကြောင်း၊ ယနေ့ည မကွေးမြို့ မင်းကန်ကြီးရပ်ကွက် တောင်တွင်းကြီးလမ်း သံဃာရာမ စာသင်တိုက်ကျောင်း၌ ညအိပ်ရပ် နားကြိမ်းစက်ကြောင်း၊ ဇန်န၀ါရီ(၈)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် မကွေးမြို့မှ ပြန်လည်ထွက်ခွါ၍ မကွေးမြို့နယ် စိုင်ကျကျေးရွာတွင် ညအိပ်ကြိမ်းစက်မည်၊ ဇန်န၀ါရီ(၉)ရက်နေ့တွင် ကိုးပင်ကျေးရွာ၌ ညအိပ်ကြိမ်းစက်မည်ဖြစ်ကြောင်း၊ ထိုမှ အောင်လံ၊ ပြည်၊ ပြည်န၀ဒေး ဧရာဝတီဖြစ်ကူးတံတားကိုဖြတ်၍ ရခိုင်ပြည်နယ်ရှိ ဆရာတော်ဦးဥတ္တမ ပန်းခြံသို့ ခြေလျှင်ကြွရောက်ပြီး ခရီးစဉ်လမ်းဆုံးမည်ဖြစ်ကြောင်းသိရသည်။ ``အဓိက ကတော့နိုင်ငံတော်သမ္မတကြီးကို ဘုန်းဘုန်းမေတ္တာရပ်ခံချင်ပါတယ်။ မင်းကျင့်တရားဆယ်ပါးနဲ့လဲ အုပ်ချုပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ လွှတ်ပေးသင့်သလောက် လွှတ်ပေးနေပါပြီ၊ ဒါပေမယ့် လက်ရှိ နိုင်ငံရေးအကျဉ်းသား(၃၄)ယောက်ကျန်နေသေးပါတယ်၊ အဲဒါတွေဘာကြောင့် ကျန်နေတာလဲ မေးတာ ဘာအဖြေမှ မရပါဘူး၊ လွှတ်လဲမပေးသေးပါဘူး၊ (၃၄)ယောက်တင်မဟုတ်ဘူး၊ နိုင်ငံရေးအကျဉ်းသား တစ်ယောက်တည်းးကျန်နေရင်လဲ ယခုလိုဆက်လက် ဆုတောင်း မေတ္တာပို့ပြီး တစ်ကိုယ်တော်ဆန္ဒပြ၍ ကြွနေအုံးမှာပါ။ ပထမ ရန်ကုန်-လိုင်ဇာ လမ်းလျှောက်တဲ့အဖွဲ့ခရီးစဉ် ဦးဇင်းလဲပါတယ်၊ မန္တလေး- ရခိုင်ခရီးစဉ်မှာ ခြေလျှင်ကြွနေတုန်းက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို သမ္မတကြီးက လွှတ်ပေးလိုက်လို့ ဂွေးပင်ရွာ အရောက်ကနေ ဦးဇင်းပြန်ကြွခဲ့ပါတယ်။ ယခု လွှတ်ပေးပြီ ကျန်နေသေးတဲ့ (၃၄)ယောက်စာရင်းကို AAPP က စာရင်းပေးပါတယ်၊ ဒါကြောင့် ချောက်မြို့နယ် ဂွေးပင်ရွာကနေ- ရခိုင်ပြည်ရှိ ဆရာတော်ဦးဥတ္တမ ပန်းခြံထိ ဆက်ပြီးကြွအုံးမှာပါ..။´´ဟု ဆရာတော် ဦးရက္ခ၀ံသ က ပြောသည်။
 

0 comments: