``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းငါးလွှတ်ပွဲ ပြုလုပ်´´

သြဂုတ်(၁၈) နံနက်(၇း၅၀ မှ ၈း၁၀)နာရီအထိ မကွေးမြို့ ဆိပ်ကမ်းသာလမ်း နန်းထိုက်သူဟော်တယ် ရှေ့ ဧရာဝတီမြစ်ကမ်းဆိပ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင် နှင့်အစိုးရ အဖွဲ့ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမောင်ချစ် နှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့ နှင့် ဌာနဆိုင်ရာအကြီးအကဲများ အင်အား(၂၀၀)ခန့်တက်ရောက်ကြောင်း၊ ၂၀၁၃/၂၀၁၄ ခုနှစ်အတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ရခြင်း အကြောင်း အသေးစိတ်ကို မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမောင်ချစ် မှရှင်းလင်းပြောကြားသည်။ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ဧရာဝတီမြစ်အတွင်း နှင့် ဆည်မြောင်းတာတမံများ အတွင်း၌ ၁၉၉၉ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၂/၂၀၁၃ ခုနှစ်တွင် ဧရာဝတီမြစ်အတွင်းကို ငါးသန်ငါးအကောင်ရေ (၁၇)သိန်း၊ ငါးမှုန်ကြီး(၃၇၀)သိန်း စုစုပေါင်း(၃၈၇)သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း၊ ယခုနှစ်တွင် အဆိုပါငါးအမျိုးအစား နှစ်မျိုးကို စုစုပေါင်းအကောင်ရေ(၄၀၈)သိန်း စိုက်ထည့်သွားရန် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနများတွင် ငါးသားပေါက်များကို မွေးမြူထားကြောင်း၊ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားများကို မကွေးမြို့၊ သရက်မြို့၊ မင်းဘူးမြို့၊ ပခုက္ကူမြို့များတွင် ကျင်းပမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် တောင်တွင်းကြီး နှင့် ပွင့်ဖြူမြို့များ၌ မွေးမြူထားခဲ့သော ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုန်းမကြီးများ စသည့် ငါးသန်ကောင်ရေ(၅)သိန်းတို့အား အဖွဲ့အစည်းအသီးသီးတို့မှ အလှည့်ကျဖြင့် ဧရာဝတီမြစ်အတွင်းသို့ ငါးများကို မျိုးစိုက်ထည့်လွှတ်ကြောင်း သတင်းရရှိသည်။
 

0 comments: