``ဧရာဝတီမြစ်ဘေးတစ်လျှောက် မိုင်ပေါင်း(၁၂၅၀)မိုင် တစ်ကိုယ်တော်စက်ဘီးစီး ခရီးသည်´´

မကွေးမြို့သို့ သြဂုတ်(၂၆)ရက် ည(၇)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှ ကချင်ပြည်နယ် မေလ မေလိခမြစ်ဆုံအရောက် မိုင်ပေါင်း(၁၂၅၀) တစ်ကိုယ်တော်စက်ဘီးစီးသူ ခရီးသည်တစ်ဦးရောက်လာကြောင်း သတင်းရရှိ သည်။ အဆိုပါ တစ်ကိုယ်တော်စက်ဘီးစီးသူ ခရီးသည်တစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မှန်ကုန်းကျေးရွာ မှ တောင်သူ ဦးခင်မောင်သန်း(၄၇)နှစ် ဖြစ်ကြောင်း၊ သြဂုတ်(၂၃)ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က စက်ဘီးစီး၍ တစ်ကိုယ်တော် ခရီးစတင်ထွက်ခဲ့ကြောင်း၊ သြဂုတ်(၂၆)ရက်နေ့ ည(၇)နာရီတွင် မကွေးမြို့သို့ဝင်ရောက်လာ၍ ညအိပ် ရပ်နားစဉ် သူ၏ ခရီးစဉ်ရည်ရွယ်ချက်များ နှင့် အခြားသိလိုသည်များအား မေးမြန်း၍ သတင်းယူခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှ ကချင်ပြည်နယ် မေလ မေလိခမြစ်ဆုံအရောက် အသွား/အပြန်ခရီးစဉ်အရ မိုင်ပေါင်း(၁၂၅၀)ခရီးသို့ မိမိစရိတ်ငွေဖြင့်အကုန်အကျခံပြီး တစ်ကိုယ်တော်စက်ဘီးစီးသူ ဦးခင်မောင်သန်း၏ ရည်ရွယ်ချက် မှာ (၁) နိုင်ငံတော်သမ္မတကြီး၏ အလျှင်အမြန် တိုးတက်လာသောလုပ်ဆောင်ချက်ဖြစ်သည့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးစနစ်အား ဂုဏ်ပြုကြိုဆိုခြင်း။ (၂) ၂၀၁၃ ဒီဇင်ဘာလတွင်ကျင်းပမည့် ဆီးဂိမ်းအားကစားပြိုင်ပွဲအား ဂုဏ်ပြု ကြိုဆိုခြင်း။ (၃) ၂၀၁၃ ဒီဇင်ဘာလ ဆီးဂိမ်းအားကစား ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲကြမည့် စက်ဘီးအားကစားသမားများကို အားပေးဂုဏ်ပြုခြင်း စသည့်ရည်ရွယ်ချက်အစီအစဉ်ဖြင့် တစ်ကိုယ်တော်စက်ဘီးစီးပြီး ကချင်ပြည်နယ် မေခ မေလီခမြစ်ဆုံ သို့ ဧရာဝတီမြစ်၏ လက်ဝဲ လက်ယာများဘက်က ဆက်လက်ခရီးနှင်မည်ဖြစ်ကြောင်း၊ သြဂုတ်(၂၇)ရက် နံနက်(၈)နာရီခန့် တွင် မကွေးမြို့မှ ရေနံချောင်းမြို့သို့ စက်ဘီးစီး၍ ဆက်လက်ခရီးထွက်မည်ဖြစ်ကြောင်း အင်္ဂပူမြို့နယ် မှန်ကုန်းကျေးရွာ မှ တောင်သူ ဦးခင်မောင်သန်း(၄၇)နှစ် က မြန်မာပို့စ် ကိုပြောသည်။
 

0 comments: