`` မကွေးမြို့ အောင်မေတ္တာရပ်ကွက်မှတောင်းဆိုသော မူလတန်းကျောင်းမြေနေရာကိစ္စကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ်´´

မကွေးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သြဂုတ်(၂၂)ရက် နေ့လည်(၂း၃၀ မှ ညနေ ၄နာရီအချိန်ခန့်ထိ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးနှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ မကွေးမြို့ အောင်မေတ္တာ ရပ်ကွက်မှ တောင်းဆိုနေသော မူလတန်းကျောင်းမြေနေရာကိစ္စကို သတင်းမီဒီယာများသို့ ပြန်လည်ရှင်းလင်းကြောင်း သတင်းရရှိသည်။ အဆိုပါမီဒီယာရှင်းလင်းပွဲတွင် မကွေးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင် ဦးညိုဝင်းမောင်ပါ(၉)ဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစိန်ကြည်လေး၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာထွန်း နှင့် အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်တို့တက်ရောက်၍ သတင်းမီဒီယာသမားများပါ စုစုပေါင်း(၂၅)ဦးခန့်ဖြင့် သတင်းစာရှင်းလင်းပွဲကျင်းပသည်။ ဖြစ်စဉ်အကျဉ်းမှာ ၁၉၉၉ ခုနှစ်တွင် အောင်မေတ္တာရပ်ကွက်(ခ)အပါအ၀င် မြို့တိုးချဲ့ ကွက်သစ်ချထားစဉ်က အောင်မေတ္တာရပ်ကွက်အတွင်း၌ မူလတန်းကျောင်းမြေနေရာအဖြစ် သတ်မှတ်ထားသော မြေဧက (၄)ဧကကို ၂၀၀၈ ခုနှစ်တွင် အိမ်ဝိုင်းကွက်များချထားပေးခဲ့သည့်တွက် မူလတန်းကျောင်းနေရာပျောက်ဆုံးခဲ့ခြင်း အား ရပ်ကွက်တွင်းရှိလုပ်သားပြည်သူများမှ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် နိုင်ငံတော်သမ္မတထံသို့ တင်ပြတောင်းဆိုခဲ့သောကိစ္စအားရှင်းလင်းကြောင်းသိရသည်။ (ရပ်ကွက်တွင်းရှိ ကျောင်းမြေနေရာ တောင်းဆိုသော ကော်မတီအဖွဲ့ နှင့် လုပ်သားပြည်သူများအား ခေါ်ဆိုခြင်းမရှိကြောင်းသတင်းရရှိသည်။) အဆိုပါရှင်းလင်းပွဲတွင် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး မှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတ်တမ်း မှတ်ရာများ တွင် အောင်မေတ္တာ(ခ)ရပ်ကွက်အတွင်း မူလတန်းမြေ(၄)ဧကဆိုသည်မှာ မရှိကြောင်း၊ အလားတူ မြို့နယ် ပညာရေးမှူး ဒေါ်သီတာထွန်းမှလည်း ပညာရေးဌာနအနေဖြင့် အောင်မေတ္တာ(ခ)ရပ်ကွက်အတွင်း မူလတန်းကျောင်းမြေမရှိပါကြောင်း၊ မြို့နယ်မြေစာရင်းဌာနဦးစီးမှူးကလည်း မြေစာရင်းမှတ်တမ်းများအရ အောင်မေတ္တာရပ်ကွက်အတွင်း မူလတန်း ကျောင်းမြေ (၄)ဧကမရှိပါကြောင်း ငြင်းဆိုကြသည်။ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဝင် ဦးညိုဝင်းမောင် မှ အောင်မေတ္တာရပ်ကွက် မြို့သစ်တိုးချဲ့စဉ်ကာလမှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီးဖြစ်၍ ယခု ဥက္ကဋ္ဌ နှင့် အစိုးရ၀န်ထမ်းများသည် အဖြစ်မှန်များ အား သိရှိကြမည်မဟုတ်ပါကြောင်း၊ စာရင်းမှတ်တမ်းများကိုသာ ပြန်ကြည့်ပြီးမှ မေးခွန်းများကိုဖြေဆိုနိုင်ပါမည်၊ သို့ပါ၍ မီဒီယာများ၏ သိလိုသောမေးမြန်ချက်များကို ကြေနပ်အောင် ဖြေဆိုနိုင်မည် မဟုတ်ပါကြောင်းဆို၏။ RFA သတင်းထောက် ဦးမြင့်ဇော်ဦး၏ မေးမြန်းချက်မှာ (ဒီလိုဆိုရင် အောင်မေတ္တာရပ်ကွက်က တောင်းဆိုသော မူလတန်းကျောင်းမြေကိစ္စကို ဘာမျှလုပ်မပေးတော့ဘူးလား။ သူတို့လိုချင်နေတဲ့ မူလတန်းကျောင်း(၁)ကျောင်းရရှိရေးကို မည်ကဲ့သို့ဆောင်ရွက် ရမည်လဲဟု မေးမြန်းဆွေးနွေးရာ) မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ မှ ရပ်ကွက်အတွင်းရှိ ကျောင်းသားဦးရေစာရင်း နှင့် ကျောင်းဖွင့်လှစ်ပေးရန်အင်္ဂါရပ်များဖြင့်အညီဖြစ်ပါက အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တဆင့်တင်ပြပေးရန်၊ မြို့နယ်အုပ်ချုပ်ရေးရုံးမှ ပညာရေးဌာနသို့ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းရှင်းလင်းသည်ဆို၏။ အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်၍မေးမြန်းသော သတင်းမီဒီယာများမှာ ယူနတီဂျာနယ်သတင်းထောက် နေခြည်(မကွေး)၊ The Voice ဂျာနယ်မှ ဦးဥာဏ်မျိုးအောင်၊ The Leaderဂျာနယ်မှ ဦးနေအောင်၊Eleven ဂျာနယ်မှ ဦးအောင်သူငြိမ်း၊ RFA သတင်းထောက် ဦးမြင့်ဇော်ဦး၊ The Street View ဂျာနယ်မှ ဦးလွင်မောင်ထက်၊ လျှပ်တစ်ပြက် ဂျာနယ်မှ ဥမ္မာခင်(မကွေး) နှင့် 7 Days ဂျာနယ်မှ ဦးမိုးကျော် တို့ဖြစ်ကြောင်း၊ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမှ မေးမြန်းသော ၂၀၀၈ ခုနှစ်ကအိမ်ဝိုင်းကွက်များချထားခဲ့ခြင်းကိစ္စ နောက်ကြောင်းပြန်မေးမြန်းချက်များကို မြို့နယ်စီမံခန့်ခွဲ ရေးကော်မတီနှင့် သက်ဆိုင်ရာအစိုးရ၀န်ထမ်း အရာရှိများမှ ရှင်းပြနိုင်ခြင်းမရှိကြောင်း၊ အဆိုပါရပ်ကွက်မှ တောင်းဆိုထား သော မူလတန်းကျောင်းမြေနေရာ လုံးဝမရှိကြောင်း၊ ကျောင်းဖွင့်လိုလျှင် ကျောင်းမြေနေရာကို တောင်းဆိုနေသူများမှ မိမိတို့ဘာသာ မြေနေရာရှာဖွှေ၍ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြင့်သာ ဆောင်ရွက်သွားကြရန် မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ငြင်းဆိုရှင်းလင်းသွားခဲ့ကြောင်း မီဒီယာများနှင့် သက်ဆိုင်ရာတို့မှ စုံစမ်းသိရှိရသည်။
 

0 comments: