``မကွေးမြို့ ပြည်တော်သာရပ်ကွက် (၈)ကြိမ်မြောက် ပဌာန်းပွဲဖြစ်မြောက်ရေးကော်မတီ မှ ငွေစာရင်းရှင်းတမ်းကိစ္စ သတင်းစာရှင်းလင်း´´

သြဂုတ်(၃၀)ရက် ညနေ(၅း၃၀ မှ ၆း၃၀)နာရီခန့်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ ပြည်တော်သာရပ်ကွက် (၈)ကြိမ်မြောက် ပဌာန်းပွဲဖြစ်မြောက်ရေးကော်မတီ မှ သတင်းမီဒီယာများအား သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကြောင်း၊ ကော်မတီအဖွဲ့နှင့်သတင်းမီဒီယာများ စုစုပေါင်း(၁၇)ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ သြဂုတ်(၂၃)ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ်(၁၂၃) အယ်ဒီတာထံပေးစာတွင် (ပဌာန်းပွဲ အလှူငွေစာရင်း ရှင်းလင်းပေးစေချင်)ခေါင်းစဉ်ဖြင့် အလှူရှင်များ ဆိုသောကိစ္စမှာ မမှန်မကန်ရေးသားထားခြင်းသာဖြစ် ပါကြောင်း၊ အဆိုပါငွေစာရင်းရှင်းတမ်းကို ၂၀၁၃ ၊ မေလ၊ (၆)ရက်နေ့ပဌာန်းပွဲပြီး၍ မေ(၁၅)ရက်နေ့တွင်ပဌာန်းပွဲဖြစ်မြောက် ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်(၂)အရ ရသုံးငွေ နှင့်လက်ကျန်ငွေ စာရင်းရှင်းတမ်းကို အတည်ပြုကြောင်း၊ လက်ကျန်ငွေသား(၆၅၃၂၀၀) ခြောက်သိန်းငါးသောင်းသုံးထောင်နှစ်ရာကို မေလ(၁၆)နေ့တွင် ကော်မတီအဖွဲ့၏ အစည်းဝေး ဆုံးဖြတ်ချက်အရ မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်သို့အပ်နှံထားပါကြောင်း(ဘဏ်စာအုပ်မူရင်းပြ၏)၊ ငွေစာရင်းရှင်းတမ်း အသေးစိတ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ကြော်ငြာသင်ပုန်းမှာကပ်၍ရှင်းလင်းထားခြင်း၊ ရပ်ကွက်တွင်းရှိ အလှူရှင် လုပ်သားပြည်သူများသိရှိရန် အသံချဲ့စက်ဖြင့်လည်း ဖတ်ကြားရှင်းလင်းခဲ့ပါကြောင်း ထို့ကြောင့် (ပဌာန်းပွဲ အလှူငွေစာရင်း ရှင်းလင်းပေးစေချင်) ခေါင်းစဉ်ဖြင့် အလှူရှင်များ ဆိုသောရေးသားချက်များမှာ လုံးဝ မှန်ကန်ခြင်းမရှိပါ၍ ပြည်တော်သာ ရပ်ကွက် (၈)ကြိမ်မြောက် ပဌာန်းပွဲဖြစ်မြောက်ရေးကော်မတီ၏ ဂုဏ်သိက္ခာကိုထိခိုက်နေပါကြောင်း၊ သို့သော်လည်း ကော်မတီအဖွဲ့က မည်သူ့ကိုမျှ ဒုက္ခရောက်အောင်ပြုလုပ်မည်မဟုတ်ပါကြောင်း သတင်းမီဒီယာများမှတဆင့် အလှူရှင် အများကို အဖြစ်မှန်အား အသိပေးရှင်းလင်းခြင်းသာဖြစ်ပါကြောင်း၊ (၈)ကြိမ်မြောက်ပဌာန်းပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့က မီဒီယာများ၏ မေးမြန်းချက်များကို ရှင်းလင်းပြောကြား၍ သတင်းရ ယူခဲ့သည်။
 

0 comments: