``မကွေးမြို့နယ် အတွင်း၌ နွားထီးများ(၄၁)ကောင် ငွေကျပ်သိန်းတစ်ရာငါးဆယ်တန်ဖိုးခန့်ကို တရားမ၀င်သယ်ဆောင်၍ ဖမ်းဆီးရရှိ´´

သြဂုတ်(၁၇) နံနက်(၁း၅၀)နာရီခန့် ၌ မကွေးမြို့နယ် ဒေါင်းနေချောင်းတံတားဂိတ်တွင် ရောင်စုံခိုင်းနွား ထီး(၄၁)ကောင် ကာလတန်ဖိုးငွေ ကျပ်သိန်းတစ်ရာငါးဆယ်တန်ဖိုးခန့်ကို တရားမ၀င်သယ်ဆောင်၍ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သြဂုတ်(၁၇) နံနက်(၁)နာရီခန့်တွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်ညွှန်ကြားချက်ဖြင့် ဒေါင်းနေရဲကင်းမှူး ဒုရဲအုပ် ဇော်ဌေးလွင်တို့အဖွဲ့သည် ဒေါင်းနေတံတားဂိတ်၌ စောင့်ဆိုင်းနေစဉ် ည(၂)နာရီအချိန်ခန့်မှာ မကွေးမြို့မှ ရေနံချောင်းမြို့သို့ မောင်းနှင်းလာသော ယာဉ်မောင်း ဆန်းကျော်(၃၀)နှစ်၊ ၉/မသန(နိုင်)၁၂၂၆၂၅ ၊ (၉)လမ်း၊ (၉)ရပ်ကွက်၊ မြစ်သားမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ယာဉ်အမှတ်(၄ဃ/ ၉၄၀၈) ယာဉ်အဖြူရောင်၊ နောက်တွဲ(၂၂)ဘီးပါ ကားကို တားဆီးစစ်ဆေးရာ အဆိုပါနောက်တွဲယာဉ်၏ ဘေးတစ်ဖက်တစ်ချက်တွင် မိုးကာအပြာရောင်ဖြင့်ဖုံးအုပ်ထား ကြောင်း တွေ့ရှိသည်။ ထိုမိုးကာအား ဖွင့်ကြည့်ရာ နောက်တွဲယာဉ်ပေါ်၌ နွားထီးရောင်စုံ(၄၁)ကောင်အား တွေ့ရှိပြီး နွားတစ်ကောင်တန်ဖိုးငွေကျပ် သုံးသိန်းခွဲခန့်၊ စုစုပေါင်းကာလ တန်ဖိုးငွေပေါင်း သိန်း(၁၅၀)ခန့်အား တရားမ၀င်သယ်ယူ လာကြောင်း စစ်ဆေးတွေ့ရှိသည်။ ထို့ကြောင့် အဆိုပါယာဉ်ဖြင့်လိုက်ပါလာသူ နွားပိုင်ရှင် နေဇင်ထွန်း(၃၆)နှစ်၊ ၉/အမရ(နိုင်) ၁၂၄၇၃၂ ၊ ချမ်းမြသာစည်ရပ်ကွက်၊ အမရပူရမြို့၊မန္တလေးတိုင်းဒေသကြီးနေသူအား စစ်ဆေးရာ အဆိုပါနွားများအား ယင်းဆိပ်ရွာ နွားပွဲဈေးမှ ၀ယ်ယူလာကြောင်း၊ မန္တလေးမြို့သို့သယ်ယူလာရာတွင် တရားမ၀င်သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးရရှိ၍ အဆိုပါ ယာဉ်နှင့် နွားများအား သက်သေရှေ့တွင်ဖမ်းဆီးသိမ်းဆည်းပြီး နွားများကို တရားမ၀င်သယ်ဆောင် လာသူ နေဇင်ထွန်း နှင့် ဆန်းကျော် တို့ နှစ်ဦးအား ဒု ရဲအုပ် ဇော်ဌေးလွင် က တရားလိုပြုလုပ် တိုင်းတန်းခဲ့သည်။ အဆိုပါအမှုကို မကွေးမြို့မရဲစခန်း၌ (ပ)၁၅၇/ ၂၀၁၃၊ အရေးကြီးကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ-၅ ဖြင့် သြဂုတ်(၁၇)ရက်၊ နေ့(၁၂)နာရီခန့်အချိန်တွင် အမှုဖွင့်ပြီး ဒု ရဲအုပ် ၀င်းမျိုးသန့် မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။
 

0 comments: