မြို့နယ်အတွင်းရေးကိစ္စ ဆွေးနွေးနေ၍ မကွေးတိုင်း NLD ဥက္ကဋ္ဌ က မီဒီယာသို့ အစည်းအဝေးပြီးချိန်ကို နာရီလွှဲချိန်းဆို..

``မကွေးမြို့NLD ပါတီရုံးတွင် အစည်းအဝေးများ ဆက်တိုက်ကျင်းပဆောင်ရွက်၊ မြို့နယ်အတွင်းရေးကိစ္စ ဆွေးနွေးနေ၍ တိုင်း NLD ဥက္ကဋ္ဌ က မီဒီယာသို့ အစည်းအဝေးပြီးချိန်ကို နာရီလွှဲချိန်းဆို´´ ၂၀၁၅ နီးလာပြီဖြစ်၍ မကွေးမြို့ မြင်သာရပ်ကွက် မဲထီးလမ်းရှိ အမျိုးသားဒီမိုကရေစီပါတီရုံးတွင် တိုင်း/ခရိုင်/မြို့နယ် အစည်းအဝေးများ ဆက်တိုက်ကျင်းပဆောင်ရွက်ကြောင်း သတင်းရရှိသည်။ ဇူလိုင်လအတွင်းမှ စ၍ သြဂုတ်လအတွင်း အစည်းအဝေးများ ပိုမိုပြီး ကျင်းပလာကြောင်းသိရသည်။ သြဂုတ်(၁၁)ရက်နေ့တွင် တိုင်းNLD ပါတီEC အဖွဲ့နှင့် မကွေးတိုင်းလူငယ်ဖွဲ့စည်းရွေးချယ်ရေးကော်မတီဝင်(၁၅)ဦး တို့ ညှိနှိုင်းဆွေးနွေးကြကြောင်း၊ လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး လက်မှတ်ဖြင့် အတည်ပြုထုတ်ပြန်ပေးသော အဆိုပါ မကွေးတိုင်းလူငယ်ညီလာခံကျင်းပရေး ကော်မတီဝင်(၁၅)ဦးအမည်အား ဖတ်ကြား အတည်ပြုပြီး ရှေးလုပ်ငန်းစဉ်များအတည်ပြုသည်။ သြဂုတ်(၁၄)ရက်နေ့နောက်ဆုံးထား၍ ခရိုင်(၅)ခုမှ ခရိုင်လူငယ်ညီလာခံ ကျင်းပရေးကော်မတီဝင်စာရင်းများကို တိုင်းလူငယ်ညီလာခံကျင်းပရေးကော်မတီသို့တင်ပြပေးရန်၊ သက်ဆိုင်ရာခရိုင်NLD ပါတီအလုပ်အမှုဆောင်များမှ ညှိနှိုင်း၍ ခရိုင်လူငယ်ကျင်းပရေးကော်မတီကို ဦးဆောင်ရွေးချယ်ပေးကြရန်၊ သက်ဆိုင်ရာ မြို့နယ် NLDပါတီအလုပ်အမှုဆောင်များမှ ညှိနှိုင်း၍ မြိုနယ်လူငယ်ညီလာခံကျင်းပရေးကော်မတီဝင်(၁၅)ဦးအမည်စာရင်း များကို သြဂုတ်(၂၅)ရက်နေ့နောက်ဆုံးထား၍ တိုင်းလူငယ်ညီလာခံကော်မတီသို့ ပို့ဆောင်ပေးကြရန်၊ ခရိုင်/မြို့နယ်များမှ ညီလာခံကျင်းပရေးကော်မတီဝင်စာရင်းများကို (လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မတီ)သို့ ဆက်လက်ပေးပို့တင်ပြရန်၊ လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မတီ က ခရိုင်/မြို့နယ်လူငယ်ညီလာခံကျင်းပရေးကော်မတီဝင်အမည်စာရင်းများအား အတည်ပြုပြီး NLD လူငယ်ညီလာခံကျင်းပနိုင်ရေးအတွက် (၅)လအတွင်း သက်ဆိုင်ရာလူငယ်အဖွဲ့အစည်းများကို အပြီးဖွဲ့စည်းကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါသြဂုတ်(၁၁)နေ့တွင် ခရိုင်NLD ပါတီလစဉ်ပုံမှန်အစည်းအဝေးကိုလည်း ကျင်းပကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးမှ ၇၅ နှစ်မြောက် ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းလျှင် ကျင်းပရာချောက်မြို့၊ ရေနံချောင်း မြို့နယ်များသို့ ၀ိုင်းဝန်းပံ့ပိုးကူညီပေးရန်၊ NLD လူငယ်ညီလာခံဖြစ်မြောက်ရန်၊ NLD ပါတီဥပဒေအထောက် အကူပြုအဖွဲ့ ဖြစ်မြောက်ရေး၊ NLD ပါတီတောင်သူ လယ်သမားများ အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းရေးတို့ကို ဆွေးနွေး၍ ဆုံးဖြတ်အတည်ပြုချက်များ ချမှတ်ကြောင်း၊ ခရိုင်အလုပ်အမှုဆောင်အစည်းအဝေးကို (၂)လတစ်ကြိမ်သာ ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သြဂုတ်(၁၂)ရက်နေ့ နံနက်(၁၀)နာရီမှ နေ့လည်(၂)နာရီအချိန်တွင် အဆိုပါNLD ပါတီရုံး၌ မကွေးတိုင်းNLD ပါတီအလုပ်အမှုဆောင်အစည်းအဝေးကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအစည်းအဝေးသို့ မီဒီယာများ သတင်းယူရာ တွင် မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် မှ တားဆီးပိတ်ပင့်သည်။ `` ကျွန်တော်တို့ NLDတိုင်းအစည်းအဝေးက နေ့လည်(၂)နာရီမှ စတင်မှာပါ။ အဲဒီအချိန်ကျမှလာခဲ့ပါ။ ယခု အစည်းအဝေးက မြို့နယ်NLD ပါတီ အတွင်းရေးတွေကို ဆွေးနွေးနေကြလို့ အပြင်လူများမသိစေချင်ပါ။ ဒါကြောင့် ဆရာ့ကို ၀င်ပြီးသတင်းမယူဖို့ အထူးမေတ္တာရပ်ခံပါတယ်ဗျာ..´´ ဟု မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် က ပြောသည်။ မှတ်ချက်။ ။ မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ချိန်းဆိုထားသော နေ့လည်(၂)နာရီတွင်သွားရောက်၍ သတင်းယူရာတွင် အစည်းအဝေးမရှိတော့ကြောင်း၊(၂)နာရီမတိုင်မီက ပြီးဆုံးသွားခဲ့ကြောင်းအား တာဝန်ရှိသူ NLD ခရိုင်အတွင်းရေးမှူး ဦးမြင့်ဦး က ပြောသည်။
 

0 comments: