``မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော် ပြသရာ City Star ခန်းမတွင် ပွဲမိန့်မရ၍ နန်းထိုက်သူဟိုတယ်သို့ နေရာပြောင်း၍ ပြသ´´

သြဂုတ်(၂၅)နေ့ တစ်ရက်တည်းသာ နေ့(၁၂)နာရီ၊ နေ့လည်(၃)နာရီ နှင့် ညနေ(၅)နာရီအချိန်များတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ် ၌ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်မှ ရုပ်ရှင်(၃)ပွဲကို အများပြည်သူများအား အခမဲ့ ပြသကြောင်း သတင်းရ ရှိသည်။ အဆိုပါ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံအတွင်း၌ ရန်ကုန်မြို့တွင်သာ စတင်ပြသနိုင်ခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ယခုမကွေးတိုင်းဒေသကြီးတွင် ပထမ အဦးဆုံး နယ်ပွဲအဖြစ် ပြသနိုင်ခြင်းဖြစ်ကြောင်း၊ မည်သူမဆိုအခမဲ့ကြည့်ရှုနိုင်ကြရန် ဗြိတိသျှသံရုံး ရန်ကုန် မှ MOVIESTNATMATTER တို့၏ အစီစဉ်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဆက်လက်ပြသပေးသွားမည်ဖြစ်ကြောင်း၊ ရုပ်ရှင်တစ်ပွဲပြသပြီးတိုင်း ကြည့်ရှုသူလုပ်သား ပြည်သူများ ၊ ဖိတ်ကြားထားသော ဒေသခံ NGO အဖွဲ့အစည်းများနှင့် မြေလတ်ဒေသ (ဗ.က.သ)အဖွဲ့ဝင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများတို့က ကြည့်ရှုခဲ့ရသော ရုပ်ရှင်ဇာတ်လမ်းထဲက ခံစားချက်များအရ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာများအတွက် သိလိုသည်များကို ဒါရိုက်တာ နှင့် စီစဉ်သူများအား မေးမြန်းကြပြီး အပြန်အလှန်ဖြေဆို ခံစားကြကြောင်း မြင်တွေ့ရသည်။ ဤ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်ကို မူလဖိတ်စာအရ အစီအစဉ်မှာ မကွေးမြို့ ရန်နိုင်ရပ် မြို့ပတ်လမ်းရှိ City Star သုံးထပ်ခမ်းမပေါ်တွင် ကျင်းပရန်အတွက် ငွေကျပ်(၄)သိန်းဖြင့်ငှါးရမ်း၍ လုပ်သားပြည်သူများအား ဖိတ်ကြားခဲ့ကြောင်း၊ သို့သော် ၎င်းခမ်းမပိုင်ရှင်က သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအာဏာပိုင်များ၏ ပွဲမိန့်မပါ၍ ငြင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် ပြသမည့်နေ့ သြဂုတ်လ(၂၅)ရက်နေ့တွင် မကွေးမြို့ ဆိပ်ကမ်းသာလမ်းရှိ နန်းထိုက်သူဟိုတယ် သို့ ငွေကျပ်(၁၀)သိန်းဖြင့် အမြန်ငှါးရမ်းပြီး နေရာပြောင်းရွှေ့ ပြသခဲ့ရကြောင်းသိရသည်။ ထို့ကြောင့် ဤပွဲကိုစီစဉ်သူ မမွန်မွန်မြတ်အား မြန်မာပို့စ် ဂလိုဘယ် မှ မေးမြန်း၍ ဖြေကြားချက်ကို ဖော်ပြပါသည်။ ``ကျမတို့ မူလအစီအစဉ်နဲ့ ဖိတ်စာအတိုင်း မကွေးမြို့ပတ်လမ်းက City Star ခန်းမကို ငှါးရမ်းထားပါတယ်။ ခန်းမပိုင်ရှင်က ကျမတို့ပြသမဲ့ရုပ်ရှင်ပွဲတော်အတွက် သက်ဆိုင်ရာက ပွဲမိန့်မပေးလို့ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ ဒါနဲ့ ယခု နန်းထိုက်သူဟိုတယ် ကို ချက်ခြင်းငှါးရမ်းစီစဉ်လိုက်ရပါတယ်။ ကျမတို့အတွက်ပိုပြီးကောင်းမွန်အဆင်ပြေသွားပါတယ်။ မူလစီစဉ်ထားတဲ့ခန်းမက ပရိပ်သတ် (၂၀၀/ ၃၀၀)လောက်သာ ဆန့်ပါမယ်။ ယခု နန်းမြင့်သူဟိုတယ်ခန်းမက ပရိပ်သတ်(၇၀၀/၈၀၀)လောက်ဆန့် ပါတယ်။ လာရောက် ကြည့်ရှုကြသူများအတွက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်က ကောင်းကောင်း အဆင့်မြင့်စွာနဲ့ ၀န်ဆောင်မှုပေးနိုင်လို့ အများကြီးဝမ်းသာ ပါတယ်ရှင်..။ ယခု မကွေးမြို့က တဆင့် နေပြည်တော်ကို သွားပြီး ဆက်လက်ပြသသွားကြမှာပါ..။´´ ဟု ဤပွဲကိုစီစဉ်ရေးအဖွဲ့မှ မမွန်မွန်မြတ်က ပြောသည်။
 

0 comments: