``ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအသင်း (မကွေးတိုင်းဒေသကြီး) စတင်ဖွဲ့စည်း´´

``ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအသင်း (မကွေးတိုင်းဒေသကြီး) စတင်ဖွဲ့စည်း´´ မကွေးမြို့ မြို့ပတ်လမ်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဝိုင်းအတွင်းရှိ မကွေးတိုင်းဒေသကြီးသာသနာရေး ဦးစီးဌာနရုံးတွင် သြဂုတ်(၁၅)ရက် နေ့လည် (၂နာရီ မှ ၃နာရီအထိ) နာရီအချိန်၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အသင်း (မကွေးတိုင်း ဒေသကြီး)ကို အစည်းအဝေးတက်ရောက်သူပေါင်း(၂၀)ဦးခန့်ဖြင့် စတင်ဖွဲ့စည်းကြောင်းသတင်း ရရှိသည်။ အဆိုပါ ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအသင်း ၏ (ဗဟို)ကော်မတီဖွဲ့စည်းပုံစည်းမျဉ်းစဉ်းကမ်းများကို မကွေး တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းရွှေလွင် ကဖတ်ကြားတင်ပြပြီး အစည်းအဝေး အား တက်ရောက် လာသူများထဲမှ ဘာသာကြီးလေးဘာသာ ၏ နာယက လေးဦးအားရွေးချယ်တင်မြှောက်ကြပေးသည်။ ဗုဒ္ဓဘာသာဝင်များ အတွက် ဦးထွန်းဆိုင်အား နာယကရွေးချယ်ကြောင်း၊ ခရစ်ယံဘာသာဝင်များမှ နာယက ဦးမျိုးထွန်း၊ အစ္စလန်ဘာသာဝင် များမှ နာယက ဦးသံချောင်း နှင့် ဟိန္ဒူဘာသာဝင်များမှ နာယက ဦးဟာမက် တို့ကို ရွေးချယ်ဖွဲ့စည်း၍ ယခုအစည်းအဝေးမှ အတည်ပြုကြောင်း၊ ဆက်လက်၍ ဘာသာ တစ်ဘာသာလျှင် အလုပ်အမှုဆောင်အဖွဲ့ဝင်(၇)ဦးစီဖြင့် စုစုပေါင်း(၂၈)ဦးကို မကွေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွှတ်ရေး အသင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ၎င်းတို့အထဲမှ ဥက္ကဋ္ဌ တစ်ဦး၊ အထွေထွေအတွင်းရေးမှူးတစ်ဦး၊ ဒု-ဥက္ကဋ္ဌများ၊ တွဲဘက်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးတစ်ဦးနှင့် အဖွဲ့ဝင်များဟုဆိုပြီး ဘာသာအသီးသီးမှ ရွေးချယ်ကြ၍ သြဂုတ်(၂၂) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးသာသနာရေးဦးစီးဌာနဦးစီးမှူး ထံသို့စာရင်းများတင်သွင်း၍ ဗဟိုကော်မတီမှ အတည်ပြုပေးမည်ဖြစ် ကြောင်း၊ ထို့နောက် ခရိုင်၊ မြို့နယ်များအထိ ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းလူဦးရေ သိန်း(၄၀)ကျော်ခန့်ရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်ပေါင်း သုံးဆယ် ကိုးသိန်းခန့်၊ ခရစ်ယံဘာသာဝင်ပေါင်း တစ်သောင်းငါးထောင်ခန့်၊ အစ္စလန်ဘာသာဝင်ပေါင်း တစ်သောင်းကျော်ခန့်၊ ဟိန္ဒူဘာသာဝင်ပေါင်း လေးထောင်ခြောက်ရာခန့်နှင့် အခြားနတ်ကိုးကွယ်သူပေါင်း ခုနှစ်ရာကျော်ခန့်ရှိကြောင်း (လ.၀.က)စာရင်းအရ မကွေးတိုင်း ဒေသကြီးသာသနာရေးဦးစီးဌာနဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းရွှေလွင် မှ ဖတ်ကြား၍ သတင်းရရှိခဲ့သည်။
 

0 comments: