``ယူနတီဂျာနယ် အမှုဆောင်ဦးတင်ဆန်းနှင့်သတင်းထောက်များ၏ ထောင်ဒဏ် ဆယ်နှစ်ချမှုကို မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အယူခံလျှောက်ထားချက် နှစ်ဘက်ကြားနာ´´



မကွေး၊ သြဂုတ် ၂၈ ။

မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၌ သြဂုတ် ၂၈ ရက်၊ နံနက် (၉း၃၀)နာရီတွင် ဦးတင်ဆန်း၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်း၊ ချိန်ပါရှေ့နေကိုလူလှိုင်မင်းအောင်၊ ဦးတင်ဆန်း၏တူ ကိုအောင်ဝင်းထွန်း နှင့် ကိုရာဇာဦး၏(မိခင်) ဒေါ်ချို၊ ၎င်း၏(အဒေါ်) ဒေါ်သန်းအေး၊ ကိုစည်သူ ၏(မိခင်)ဒေါ်အုန်းနွဲ့၊ ကိုလူမော်၏ ဇနီး မလွင်လွင်မြင့် နှင့် သမီးမိသားစု သုံးဦးတို့ နှစ်ဖွဲ့ ရောက်လာ ကြသည်။ 

          မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ ခုံရုံးအခန်း(၄)တွင် တရားလွှတ်တော်တရားသူကြီး ဦးမြင့်သိန်း၊ တရားလို(အစိုးရဘက်မှ) ဒုတိုင်းဥပဒေအရာရှိ ဦးသန်းဝင်း တို့ဖြင့် နံက် ၁၀း၂၀ မှ နေ့ ၁၂ နာရီခန့်အချိန်ခန့် အထိ အမှုအမှတ် ၅၈/၂၀၁၄ အယူခံလျှောက်ထားသော ယူနတီဂျာနယ် တရားခံသတင်းထောက်များ  ကိုစည်သူစိုး၊ ကိုလူမော်နိုင်၊ ကိုရာဇာဦးနှင့် ကိုပိုင်သက်ကျော်တို့၏  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် မှ ပထမ အယူခံလျှောက်လဲချက်ကို ဖတ်ကြားလျှောက်ထားသည်။


``တရားလိုပြသက်သေများရဲ့ထွက်ချက်များကို အလေးမထားဘဲ တစ်ဘက်သတ်အမိန့်ချမှတ်ထားတာ ဖြစ် တဲ့အတွက် မူလအမိန့်ကိုပယ်ဖျက်ပေးပြီး ကျွန်တော့်သတင်းထောက်များကို တရားသေလွှတ်ပေးစေလိုပါတယ်၊ ၁-၈-၂၀၁၄ နေ့က နိုင်ငံတော်သမ္မတကြီးနဲ့ စာနယ်ကောင်စီတွေ့ဆုံပွဲမှာလည်း ပြစ်ဒဏ်ချမှတ်ထားတဲ့ စာနယ်ဇင်း သမားတွေကို ကူညီလို့ရမဲ့ ဥပဒေအရ ဆောင်ရွက်ပေးသွားမယ်ပြောထားတဲ့အတွက်လဲ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် မှ ကျွန်တော်၏ လျှောက်လဲချက်ကို ကူညီဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။´´  ဟု  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် မှ တရားခွင်၌ လျှောက်ထားကြောင်း ကြားသိရသည်။


          အမှုအမှတ် ၅၉/၂၀၁၄ ယူနတီဂျာနယ် အမှုဆောင်အရာရှိ ဦးတင်ဆန်း၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်း မှ ဒုတိယအကြိမ် ဖတ်ကြားလျှောက်ထားသည်။ 

၎င်း နောက် တရားလို(အစိုးရဘက်မှ) ဒုတိုင်းဥပဒေအရာရှိ ဦးသန်းဝင်း က ပခုက္ကူခရိုင်တရားရုံးမှ ချမှတ်သော အမိန့်အတိုင်း ပြစ်မှုမြောက်ကြောင်း၊ ယခု တင်ပြသွားသော တရားလွှတ်တော်ရှေ့နေများ၏ လျှောက် လဲ ချက်များသည် ၎င်းတို့၏ ကိုယ်ပိုင်ယူဆချက်များသာ ဖြစ်ကြောင်း တုံ့ပြန်လျှောက်ထားသည်။ တရားခံများ၏ ရှေ့နေနှစ်ဦးတို့က ကိုယ်ပိုင်အယူအဆများ မဟုတ်ကြောင်း၊ ဥပဒေအချက်အလက် အထောက် အထား များဖြင့် ထပ်မံတင်ပြကြောင်း၊ ဥပဒေကြောင်းအရ အခိုင်အမာ သာဓက အထောက်ထား များဖြင့်တင်ပြ ကြောင်း  စစ်ဆေးနေသော တရားခွင်မှ ကြားသိရသည်။ ဦးကျော်လင်း မှ ဤအမှုနှင့် ပတ်သက်၍  မကြားနာခင် နှင့် ကြားနာပြီး မဇ္ဈိမ က မေးမြန်းရာ..

``ဒီအမှုကို စပြီးစွဲစဉ်အခါက အရပ်စကားနဲ့ပြောရရင် ၀ိတ်များတယ်ဗျ၊ စွဲတဲ့ဥပဒေက ၁၉၂၃ ဥပဒေ အင်္ဂလိပ်ခေတ်ဥပဒေဖြစ်တယ်၊ နှစ်ပေါင် ၉၃ နှစ်ကျော်နေပြီ၊ အဲဒီအချိန်က ကိုလိုနီမွန်းတည့်နေတဲ့အချိန်မှာ စပိုင်တွေကို ဒီဥပဒေတွေနဲ့ ဖမ်းဖို့ထုတ်ထားတာဗျ။ ယခု အဲဒီအမှုနဲ့ ကျွန်တော် သတင်းထောက်တွေကို စက်ရုံထဲဝင်လို့ဆိုပြီး ဖမ်းဆီးလိုက်တာဘဲ၊ အဲဒီဥပဒေထဲမှာက ကာကွယ်ရေးစက်ရုံထဲကို အယောင်ဆောင်ပြီး ၀င်ရောက်ခဲ့ရင်၊ အယောင်ဆောင် ဆိုတာ ရဲယူနီဖောင်း(သို့) စစ်ယူနီဖောင်း ၀တ်ပြီး ရုံးပိုင်ဆိုင်ရာစာရွက် စာတမ်းတွေယူပြီး ၀င်ခဲ့ရင်တောင်မှ ထောင်ဒဏ်(၂) နှစ်သို့မဟုတ် ငွေဒဏ်တခုခုနဲ့ သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်ချဖို့ အာမခံပေးလို့ရတယ်လို့လဲ ပါတယ်၊ ယခုအမှုမှာ အာမခံလုံးဝမပေးဘဲ ထောင်ဆယ်နှစ်ချဆိုတော့ အဲဒီဥပဒေထက် ငါးဆကြီးတောင်ချထား တယ်ဗျာ´´။ ဟု အမှုမစစ်ခင်အချိန် ရှေ့နေ ဦးကျော်လင်း က မဇ္ဈိမ ကိုပြောသည်။၎င်း အတိုင်းလျှောက်လဲချက် တွင်လည်း  တင်ပြသည်။

``ဥပဒေအရ ဆုံးဖြတ်ကူညီရဲရင်တော့ ဒီအမှုကို လုပ်ပေးလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမှုကို စတင်ကထဲက အမှုစွဲပြီးမှ ခွင့်ပြုမိန့်တင်တယ်၊ သက်သေခံပစ္စည်းတွေသိမ်းဆည်းစဉ်ကလဲ အထူးဥပဒေ ပုဒ်မ(၁၁) အရ ရှာဖွှေဝရမ်း မပါဘဲသိမ်းပြီးမှ လက်မှတ်ထိုးခိုင်းတယ်ဗျာ၊´´ ဟု အမှုကြားနာစစ်ပြီးချိန်တွင် ရှေ့နေ ဦးကျော်လင်း က မဇ္ဈိမ ကိုပြောသည်။

 ဤ အယူခံအမှုအား နောက်နှစ်ပါတ်လောက်ကြာမှ အမိန့်ချမည်ဟု ရှေ့နေ ဦးရောဘတ်စန်းအောင် က ခန့်မှန်း၍  ရှေ့နေ ဦးကျော်လင်းကတော့ တစ်လကျော်ခန့်မှာ အမိန်ချမှတ်လိမ့်မည်၊ စောင့်ကြည့်ရဦးမည်ဟု ခန့်မှန်းကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: