``မကွေးမြို့နယ် NLD ဥက္ကဋ္ဌ မှ မကွေးမြို့နယ်တရားရုံးတွင် စွဲဆိုထားသော ရဲအက်-၄၉ အား ပယ်ဖျက်ပေးရန် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ လျှောက်ထား´´



သြဂုတ် ၂၁၊ မကွေး။
         
 မကွေးမြို့၊ စိုးကောမင်းရပ်ကွက်ရှိ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ မကွေးမြို့နယ် NLD ဥက္ကဋ္ဌ ဦးစိုးမိုး မှ မကွေးမြို့နယ်တရားရုံးတွင် စွဲဆိုထားသော ၂၀၁၄၊ ဇူလိုင် ၃ ရက်နေ့စွဲဖြင့် ပြစ်မှုကြီးအမှတ် ၂၂၃၄/၂၀၁၄၊  ရဲအက်-၄၉ (သံချဲ့စက်ဖွင့်ခွင့်မရှိ အချိန်လွန်ဖွင့်ခြင်း)အား ပယ်ဖျက်ပေးရန် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ သြဂုတ် ၂၁ ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် လျှောက်ထားတင်ပြကြောင်း၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်မှ လက်ခံ၍ ကြားနာစစ်ဆေးမည့်ရက်ကို ၎င်းရုံးသို့ လာရောက်ကြည့်ရမည်ဖြစ်ကြောင်း ဦးစိုးမိုး က မဇ္ဈိမ ကိုပြောသည်။

          ဖြစ်စဉ်အကျဉ်းမှာ မကွေးမြို့တွင်ကျင်းပခဲ့သော ၂၀၀၈ အခြေခံဥပဒေပုဒ်မ(၄၃၆)ပြင်ဆင်ရေးအတွက် မြို့တွင်းသို့ လှုံ့ဆော်ရေးကားဖြင့် အသံချဲ့စက်ဖွင့်ခဲ့သော အမှုဖြစ်ကြောင်း၊ဤ(၄၃၆) ပြင်ဆင်ရေးပွဲ အပြီး၌ တိုင်းNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်၊ မြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး နှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့် (မကွေး) မှ ဦးမောင်မောင်စိုး(ရွှေမြန်မာ)တို့ သုံးဦးအား အသံချဲ့စက်လိုင်စင် ပုဒ်မ အမျိုးမျိုးဖြင့် ဒေသခံ အာဏာ ပိုင်များမှ တရားစွဲဆိုခဲ့ကြောင်း၊ ဦးမောင်မောင်စိုး တစ်ဦးကသာ ရှေ့နေငှါးရမ်း၍ မြို့နယ်တရားရုံး၌ ဆက်လက်  ရင်ဆိုင်နေကြောင်း၊ NLD ပါတီမှ နှစ်ဦးတို့သည် ရှေ့နေမပါဘဲ  မြို့နယ်တရားရုံး နှင့် တိုင်းဒေသကြီး လွှတ်တော် များသို့ မိမိတို့ကိုယ်တိုင် လျှောက်လဲရင်ဆိုင်ဖြေရှင်းနေကြောင်း၊ ၎င်းတို့အပြင်(၄၃၆)ပြင်ဆင်ရေး ဟောပြော ပွဲကျင်းပရေး ၈၈မျိုးဆက်နှင့် NLDပါတီမှကော်မတီဝင်(၁၁)ဦးကိုလည်း အာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် တရားစွဲဆိုရန်စီစဉ်ပြီး မကွေးမြို့မရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲ့ရာ  တရားဥပဒေဘောင်အတွင်းမှ ပြန်လည်ငြင်းဆို နေကြရကြောင်း    ဦးစိုးမိုး ဥက္ကဋ္ဌ မြို့နယ်NLDပါတီ က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: