``မကွေးမြို့ ပြည်တော်သာရပ်ကွက် (၈)ကြိမ်မြောက် ပဌာန်းပွဲဖြစ်မြောက်ရေးကော်မတီ မှ ငွေစာရင်းရှင်းတမ်းကိစ္စ သတင်းစာရှင်းလင်း´´
``မကွေးမြို့တွင် ဆုတောင်းပြည့်ဘုရားဝန်းများရှိ အလှူခံပုံးများနှင့် အလှူခံရငွေများကို အခိုးခံနေရ´´
သြဂုတ်(၂၈)ရက် ည(၇)နာရီအချိန်ခန့်တွင် ဈေးလယ်စိုးရပ်ကွက်၊ မကွေးမြို့မဈေးကြီးအနောက်ဘက်ရှိ ဘုရားလမ်း နှင့် ဈေးလမ်းကြားမှ ဆုတောင်းပြည့်မြို့လယ်ဘုရားဝန်း နှစ်ကျိပ်ရှစ်ဆူကဏ္ဍကုဋိတိုက်အတွင်းထားသော အလှူခံပုံး(၂)ပုံးကို ဖောက်ထွင်း အခိုးခံရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်(၂၈)ရက် ည(၇)နာရီအချိန်ခန့်တွင် ဘုရားဂေါပက ဦးစိန်ထွန်း(၅၀)နှစ် ဘုရားဝတ်ပြုလာစဉ် ဆုတောင်းပြည့်မြို့လယ်ဘုရားဝန်းးမှ နှစ်ကျိပ်ရှစ်ဆူကဏ္ဍကုဋိတိုက်အတွင်းထားသော အလှူခံပုံး(၂)ပုံး၏ ရှေ့မှန်များအား ခွဲ၍ အလှူခံရငွေများပျောက်ဆုံးနေကြောင်းသိရသည်ဆို၏။ ထို့ကြောင့် ဈေးလယ်စိုးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွှန့်၊ ဘုရားဂေါပက ဥက္ကဋ္ဌ ဦးဝင်းမောင်၊ ဒု ဥက္ကဋ္ဌ ဦးတင်မောင် နှင့် အတွင်းရေးမှူး ဦးမြင့်အောင်တို့ကို အသိပေးခဲ့ကြောင်း ၎င်းတို့က ဆက်လက်၍ မကွေးမြို့မရဲစခန်းသို့သတင်းပို့ခဲ့ကြောင်း၊ မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်စိုးနှင်အဖွဲ့ရောက်ရှိလာကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားလုံခြုံရေးညစောင့် ဦးသန်းတင်(၇၆)နှစ်၏ ပြောကြားချက်အရ နှစ်ကျိပ်ရှစ်ဆူကဏ္ဍကုဋိတိုက်ကို သြဂုတ်(၂၆)ရက် ည(၆)နာရီခန့်မှာ စတင်၍ပိတ်ထားခဲ့ပြီး (၂၇)ရက်နေ့ ည(၆)နာရီအချိန်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၎င်းညစောင့်သည် အတွင်းသို့သေချာဝင်ရောက်စစ်ဆေးခဲ့ခြင်း မရှိသော်လည်း ဘုရားဂေါပကအဖွဲ့ဝင် ဦးစိန်ထွန်း ဘုရားဝတ်ပြုစဉ်မှာ အလှူခံနှစ်ပုံး၏ ရှေ့မှန်များကို အုတ်ခဲဖြင့်ထုခွဲ၍ အလှူခံငွေများကိုခိုးယူသွားကြောင်း၊ ပိတ်ထားသောနှစ်ကျိပ်ရှစ်ဆူကဏ္ဍကုဋိတိုက်၏ ဘုရားလမ်းဘက်ရှိ သံပန်း ပြူတင်း ပေါက်တံခါးများကိုဆွဲခွာပြီး အတွင်းရှိ မှန်လျောတံခါးကိုတွန်းဝင်လာကြောင်း စစ်ဆေးတွေ့ရှိသည်ဆို၏။ ၎င်းအမှုအား ဂေါပကအဖွဲ့မှ ၎င်းအလှူခံပုံးနှစ်ပုံးထဲတွင် အလှူခံရငွေကျပ် တစ်သောင်းခန့်သာရှိကြောင်းခန့်မှန်းပြောဆိုပြီး အမှုမဖွင့်သော် လည်း ရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူများ၏လှူဒါန်းထားသော ငွေကြေးများဖြစ်၍ ဥပဒေအရ အရေးယူနိုင်ရန် တရားခံအား ဆက်လက်ဖော်ထုတ်သွားမည်ဟု သက်ဆိုင်ရာမှ သတင်းရရှိသည်။
အလားတူဖြစ်စဉ်အတိုင်း သြဂုတ်လ(၁၄)နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင် မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဆုတောင်းပြည့်ဘုရားမှ အလှူခံရငွေကျပ်(နှစ်သိန်းရှစ်သောင်း)ကျော်ခန့်ရှိ အလှူခံပုံး(၁)ပုံးကို နေ့ခင်းကြောင် တောင်မှာပျောက်ဆုံးသွားကြောင်း ထိုအမှုအား ကံသာရပ်ကွက် အေးစေတီဆုတောင်းပြည့်ဘုရားဂေါပကအဖွဲ့က မကွေးမြို့မရဲစခန်း တွင်(ပ)၁၅၆/၂၀၁၃ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
ကျောင်းသားကလေးငယ်တစ်ဦး လျှပ်စစ်မီးကြိုးပြတ်နင်းမိ ဓာတ်လိုက်၍ ကယ်ဆယ်သူလူကြီးနှစ်ဦးပါ ဆက်တိုက် သုံးဦး ဓာတ်လိုက်ခံရ´´
``မိုးတွင်းကာလ မရောက်ခင် ၂၀၁၃ မေလ(၅)ရက်နေ့တုန်းက (လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲပျက်စီးနေခြင်းကိစ္စ) ကို ကျွန်တော့်နာမည်နဲ့ လိပ်စာအပြည့်အစုံထည့်ပြီး မကွေးမြို့နယ်လျှပ်စစ်ရုံးကို လိုအပ်သလိုကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန်စာတင်ခဲ့ပါတယ်။ မြို့နယ်လျှပ်စစ်ဌာနက ယနေ့အထိ ဘာမျှလုပ်မပေးလို့ အဲဒီတင်ပြထားတဲ့စာ မြန်မာပို့စ် ကို မိတ္တူပေးပါရစေ…။´´ဟု သိင်္ဂါဂီရိရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မြနန္ဒာလမ်းထောင့်နေသူ ကုန်စုံဆိုင်ပိုင် ရှင် ဦးအောင်ချမ်းဇော်က သြဂုတ်(၁၅)ရက် နေ့တွင် ပြော၍ ၎င်းစာကိုမိတ္တူပေးခဲ့သည်။
``ဧရာဝတီမြစ်ဘေးတစ်လျှောက် မိုင်ပေါင်း(၁၂၅၀)မိုင် တစ်ကိုယ်တော်စက်ဘီးစီး ခရီးသည်´´
အဆိုပါ တစ်ကိုယ်တော်စက်ဘီးစီးသူ ခရီးသည်တစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မှန်ကုန်းကျေးရွာ မှ တောင်သူ ဦးခင်မောင်သန်း(၄၇)နှစ် ဖြစ်ကြောင်း၊ သြဂုတ်(၂၃)ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က စက်ဘီးစီး၍ တစ်ကိုယ်တော် ခရီးစတင်ထွက်ခဲ့ကြောင်း၊ သြဂုတ်(၂၆)ရက်နေ့ ည(၇)နာရီတွင် မကွေးမြို့သို့ဝင်ရောက်လာ၍ ညအိပ် ရပ်နားစဉ် သူ၏ ခရီးစဉ်ရည်ရွယ်ချက်များ နှင့် အခြားသိလိုသည်များအား မေးမြန်း၍ သတင်းယူခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှ ကချင်ပြည်နယ် မေလ မေလိခမြစ်ဆုံအရောက် အသွား/အပြန်ခရီးစဉ်အရ မိုင်ပေါင်း(၁၂၅၀)ခရီးသို့ မိမိစရိတ်ငွေဖြင့်အကုန်အကျခံပြီး တစ်ကိုယ်တော်စက်ဘီးစီးသူ ဦးခင်မောင်သန်း၏ ရည်ရွယ်ချက် မှာ (၁) နိုင်ငံတော်သမ္မတကြီး၏ အလျှင်အမြန် တိုးတက်လာသောလုပ်ဆောင်ချက်ဖြစ်သည့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးစနစ်အား ဂုဏ်ပြုကြိုဆိုခြင်း။ (၂) ၂၀၁၃ ဒီဇင်ဘာလတွင်ကျင်းပမည့် ဆီးဂိမ်းအားကစားပြိုင်ပွဲအား ဂုဏ်ပြု ကြိုဆိုခြင်း။ (၃) ၂၀၁၃ ဒီဇင်ဘာလ ဆီးဂိမ်းအားကစား ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲကြမည့် စက်ဘီးအားကစားသမားများကို အားပေးဂုဏ်ပြုခြင်း စသည့်ရည်ရွယ်ချက်အစီအစဉ်ဖြင့် တစ်ကိုယ်တော်စက်ဘီးစီးပြီး ကချင်ပြည်နယ် မေခ မေလီခမြစ်ဆုံ သို့ ဧရာဝတီမြစ်၏ လက်ဝဲ လက်ယာများဘက်က ဆက်လက်ခရီးနှင်မည်ဖြစ်ကြောင်း၊ သြဂုတ်(၂၇)ရက် နံနက်(၈)နာရီခန့် တွင် မကွေးမြို့မှ ရေနံချောင်းမြို့သို့ စက်ဘီးစီး၍ ဆက်လက်ခရီးထွက်မည်ဖြစ်ကြောင်း အင်္ဂပူမြို့နယ် မှန်ကုန်းကျေးရွာ မှ တောင်သူ ဦးခင်မောင်သန်း(၄၇)နှစ် က မြန်မာပို့စ် ကိုပြောသည်။
``သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း မကွေးမြို့တွင်ဖွင့်လှစ်´´
``မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော် ပြသရာ City Star ခန်းမတွင် ပွဲမိန့်မရ၍ နန်းထိုက်သူဟိုတယ်သို့ နေရာပြောင်း၍ ပြသ´´
သြဂုတ်(၂၅)နေ့ တစ်ရက်တည်းသာ နေ့(၁၂)နာရီ၊ နေ့လည်(၃)နာရီ နှင့် ညနေ(၅)နာရီအချိန်များတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ် ၌ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်မှ ရုပ်ရှင်(၃)ပွဲကို အများပြည်သူများအား အခမဲ့ ပြသကြောင်း သတင်းရ ရှိသည်။
အဆိုပါ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံအတွင်း၌ ရန်ကုန်မြို့တွင်သာ စတင်ပြသနိုင်ခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ယခုမကွေးတိုင်းဒေသကြီးတွင် ပထမ အဦးဆုံး နယ်ပွဲအဖြစ် ပြသနိုင်ခြင်းဖြစ်ကြောင်း၊ မည်သူမဆိုအခမဲ့ကြည့်ရှုနိုင်ကြရန် ဗြိတိသျှသံရုံး ရန်ကုန် မှ MOVIESTNATMATTER တို့၏ အစီစဉ်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဆက်လက်ပြသပေးသွားမည်ဖြစ်ကြောင်း၊ ရုပ်ရှင်တစ်ပွဲပြသပြီးတိုင်း ကြည့်ရှုသူလုပ်သား ပြည်သူများ ၊ ဖိတ်ကြားထားသော ဒေသခံ NGO အဖွဲ့အစည်းများနှင့် မြေလတ်ဒေသ (ဗ.က.သ)အဖွဲ့ဝင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများတို့က ကြည့်ရှုခဲ့ရသော ရုပ်ရှင်ဇာတ်လမ်းထဲက ခံစားချက်များအရ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာများအတွက် သိလိုသည်များကို ဒါရိုက်တာ နှင့် စီစဉ်သူများအား မေးမြန်းကြပြီး အပြန်အလှန်ဖြေဆို ခံစားကြကြောင်း မြင်တွေ့ရသည်။``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်အောင်မြင်သူများကို ဆုချီးမြှင့်ပွဲ´´
``မကွေးတိုင်းဒေသကြီးရှိ ဟိုတယ်ပိုင်ရှင်များနှင့် စာသောက်ဆိုင်လုပ်ငန်းရှင်များ ကို ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်တွေ့ဆုံ´´
သြဂုတ်(၂၄)ရက် နံနက်(၁၀ မှ နေ့၁၂)နာရီအချိန်အထိ မကွေးမြို့ နတ်မောက်လမ်း ထိန်ထိန်သာဟိုတယ်တွင် မကွေးတိုင်းဒေသကြီးရှိ ဟိုတယ်/မော်တယ်ပိုင်ရှင်များနှင့် စားသောက်ဆိုင်စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၂၅)ဦးခန့်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင် မှ ဖိတ်ကြား၍ တွေ့ဆုံပွဲကျင်းပကြောင်း သတင်း ရရှိသည်။
အဆိုပါအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကျယ်အကဲများ တက်ရောက် ကြောင်း၊ မကွေးမြို့တွင် ဟိုတယ်(၆)လုံး၊ ပခုက္ကူမြို့တွင် ဟိုတယ်(၃)လုံး စုစုပေါင်းမကွေးတိုင်းဒေသကြီးအတွင်း၌ ဟိုတယ် ပေါင်း(၉)လုံးနှင့် ဧည့်ရိပ်သာပေါင်း(၇)လုံး ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း၌ နိုင်ငံခြားသားများခရီသွားလာရေး တိုးတက်ကောင်းမွန်လာစေရန် ခရီးသွားဇုန်များထူထောင်ပေးမည်ဖြစ်ကြောင်း၊ ခရီးသွားဇုန်လုပ်ရန်အတွက် လက်ရှိထက် လမ်းပန်းဆက်သွယ်ရေးတွေ၊ လုံခြုံရေးတွေပိုမိုတိုးတက်ကောင်းမွန်အောင် ၀ိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ပုဂံ/ညောင်ဦးလေ ဆိပ်အစား ပခုက္ကူမြို့ရှိ လေယာဉ်ကွင်းကို အဆင့်မြှင့်ပြီး နိုင်ငံခြားခရီးသွားလုပ်ငန်းအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပုဂံဒေသတစ်ခု ကျဉ်းကျဉ်းလေးထဲကနေ ခရီးသွားတွေကို ပုပ္ပါးဒေသ၊ မကွေးဒေသ၊ ပခုက္ကူဒေသဘက်တွေ စသည့်နေရာတွေဆီကို ဖြန့်ချခွဲထွက်သွားလာနိုင်အောင် စီမံကြရမည်ဖြစ်ကြောင်း၊ ၂၀၁၁ ခုမှစ၍ မြန်မာနိုင်ငံတွင် ခရီးသွားလာနှုန်း တိုးတက်ကောင်းမွန်လာကြောင်း၊၂၀၁၃ မှ ၂၀၁၅ အတွင်းမှာ နိုင်ငံခြားခရီးသည်များ (၃)သန်းကျော်ခန့်ထိ တက်လာရန် ခရီးသွားလုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာအောင် စီမံကိန်းများအတိုင်း ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးဌေးအောင် မှပြောကြားသည်။
`` မကွေးမြို့ အောင်မေတ္တာရပ်ကွက်မှတောင်းဆိုသော မူလတန်းကျောင်းမြေနေရာကိစ္စကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ်´´
မကွေးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သြဂုတ်(၂၂)ရက် နေ့လည်(၂း၃၀ မှ ညနေ ၄နာရီအချိန်ခန့်ထိ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးနှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ မကွေးမြို့ အောင်မေတ္တာ ရပ်ကွက်မှ တောင်းဆိုနေသော မူလတန်းကျောင်းမြေနေရာကိစ္စကို သတင်းမီဒီယာများသို့ ပြန်လည်ရှင်းလင်းကြောင်း သတင်းရရှိသည်။
အဆိုပါမီဒီယာရှင်းလင်းပွဲတွင် မကွေးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင် ဦးညိုဝင်းမောင်ပါ(၉)ဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစိန်ကြည်လေး၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာထွန်း နှင့် အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်တို့တက်ရောက်၍ သတင်းမီဒီယာသမားများပါ စုစုပေါင်း(၂၅)ဦးခန့်ဖြင့် သတင်းစာရှင်းလင်းပွဲကျင်းပသည်။ ဖြစ်စဉ်အကျဉ်းမှာ ၁၉၉၉ ခုနှစ်တွင် အောင်မေတ္တာရပ်ကွက်(ခ)အပါအ၀င် မြို့တိုးချဲ့ ကွက်သစ်ချထားစဉ်က အောင်မေတ္တာရပ်ကွက်အတွင်း၌ မူလတန်းကျောင်းမြေနေရာအဖြစ် သတ်မှတ်ထားသော မြေဧက (၄)ဧကကို ၂၀၀၈ ခုနှစ်တွင် အိမ်ဝိုင်းကွက်များချထားပေးခဲ့သည့်တွက် မူလတန်းကျောင်းနေရာပျောက်ဆုံးခဲ့ခြင်း အား ရပ်ကွက်တွင်းရှိလုပ်သားပြည်သူများမှ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် နိုင်ငံတော်သမ္မတထံသို့ တင်ပြတောင်းဆိုခဲ့သောကိစ္စအားရှင်းလင်းကြောင်းသိရသည်။ (ရပ်ကွက်တွင်းရှိ ကျောင်းမြေနေရာ တောင်းဆိုသော ကော်မတီအဖွဲ့ နှင့် လုပ်သားပြည်သူများအား ခေါ်ဆိုခြင်းမရှိကြောင်းသတင်းရရှိသည်။)
အဆိုပါရှင်းလင်းပွဲတွင် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး မှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတ်တမ်း မှတ်ရာများ တွင် အောင်မေတ္တာ(ခ)ရပ်ကွက်အတွင်း မူလတန်းမြေ(၄)ဧကဆိုသည်မှာ မရှိကြောင်း၊ အလားတူ မြို့နယ် ပညာရေးမှူး ဒေါ်သီတာထွန်းမှလည်း ပညာရေးဌာနအနေဖြင့် အောင်မေတ္တာ(ခ)ရပ်ကွက်အတွင်း မူလတန်းကျောင်းမြေမရှိပါကြောင်း၊ မြို့နယ်မြေစာရင်းဌာနဦးစီးမှူးကလည်း မြေစာရင်းမှတ်တမ်းများအရ အောင်မေတ္တာရပ်ကွက်အတွင်း မူလတန်း ကျောင်းမြေ (၄)ဧကမရှိပါကြောင်း ငြင်းဆိုကြသည်။ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဝင် ဦးညိုဝင်းမောင် မှ အောင်မေတ္တာရပ်ကွက် မြို့သစ်တိုးချဲ့စဉ်ကာလမှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီးဖြစ်၍ ယခု ဥက္ကဋ္ဌ နှင့် အစိုးရ၀န်ထမ်းများသည် အဖြစ်မှန်များ အား သိရှိကြမည်မဟုတ်ပါကြောင်း၊ စာရင်းမှတ်တမ်းများကိုသာ ပြန်ကြည့်ပြီးမှ မေးခွန်းများကိုဖြေဆိုနိုင်ပါမည်၊ သို့ပါ၍ မီဒီယာများ၏ သိလိုသောမေးမြန်ချက်များကို ကြေနပ်အောင် ဖြေဆိုနိုင်မည် မဟုတ်ပါကြောင်းဆို၏။ RFA သတင်းထောက် ဦးမြင့်ဇော်ဦး၏ မေးမြန်းချက်မှာ (ဒီလိုဆိုရင် အောင်မေတ္တာရပ်ကွက်က တောင်းဆိုသော မူလတန်းကျောင်းမြေကိစ္စကို ဘာမျှလုပ်မပေးတော့ဘူးလား။ သူတို့လိုချင်နေတဲ့ မူလတန်းကျောင်း(၁)ကျောင်းရရှိရေးကို မည်ကဲ့သို့ဆောင်ရွက် ရမည်လဲဟု မေးမြန်းဆွေးနွေးရာ) မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ မှ ရပ်ကွက်အတွင်းရှိ ကျောင်းသားဦးရေစာရင်း နှင့် ကျောင်းဖွင့်လှစ်ပေးရန်အင်္ဂါရပ်များဖြင့်အညီဖြစ်ပါက အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တဆင့်တင်ပြပေးရန်၊ မြို့နယ်အုပ်ချုပ်ရေးရုံးမှ ပညာရေးဌာနသို့ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းရှင်းလင်းသည်ဆို၏။
အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်၍မေးမြန်းသော သတင်းမီဒီယာများမှာ ယူနတီဂျာနယ်သတင်းထောက် နေခြည်(မကွေး)၊ The Voice ဂျာနယ်မှ ဦးဥာဏ်မျိုးအောင်၊ The Leaderဂျာနယ်မှ ဦးနေအောင်၊Eleven ဂျာနယ်မှ ဦးအောင်သူငြိမ်း၊ RFA သတင်းထောက် ဦးမြင့်ဇော်ဦး၊ The Street View ဂျာနယ်မှ ဦးလွင်မောင်ထက်၊ လျှပ်တစ်ပြက် ဂျာနယ်မှ ဥမ္မာခင်(မကွေး) နှင့် 7 Days ဂျာနယ်မှ ဦးမိုးကျော် တို့ဖြစ်ကြောင်း၊ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမှ မေးမြန်းသော ၂၀၀၈ ခုနှစ်ကအိမ်ဝိုင်းကွက်များချထားခဲ့ခြင်းကိစ္စ နောက်ကြောင်းပြန်မေးမြန်းချက်များကို မြို့နယ်စီမံခန့်ခွဲ ရေးကော်မတီနှင့် သက်ဆိုင်ရာအစိုးရ၀န်ထမ်း အရာရှိများမှ ရှင်းပြနိုင်ခြင်းမရှိကြောင်း၊ အဆိုပါရပ်ကွက်မှ တောင်းဆိုထား သော မူလတန်းကျောင်းမြေနေရာ လုံးဝမရှိကြောင်း၊ ကျောင်းဖွင့်လိုလျှင် ကျောင်းမြေနေရာကို တောင်းဆိုနေသူများမှ မိမိတို့ဘာသာ မြေနေရာရှာဖွှေ၍ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြင့်သာ ဆောင်ရွက်သွားကြရန် မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ငြင်းဆိုရှင်းလင်းသွားခဲ့ကြောင်း မီဒီယာများနှင့် သက်ဆိုင်ရာတို့မှ စုံစမ်းသိရှိရသည်။
လယ်ယာမြေ ပိုင်ဆိုင်မှုစာအုပ်တွေကို အမြန်ထုတ်ပေးရမည်၊ လယ်ယာမဲ့သူမိသားစုတွေအတွက် အစိုးရမှ စီမံပေးရန်ရှိ
``နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း တို့ မကွေးတိုင်းဒေသကြီးတွင် တွေ့ဆုံပွဲကျင်းပ´´
မန်းရွှေစက်တော်ရာဘုရား အောက်စက်တော်ရာအား မန်းချောင်းရေထူးခြားစွာရေကြီး၍ ဦးခိုက်ပူဇော်
သြဂုတ်လ(၂၀)ရက်နေ့ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ညနေ(၅း၃၀)နာရီတွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်တွင်တည်ရှိသော မန်းရွှေစက်တော်ရာဘုရားရှိ အောက် စက်တော်ရာ ရင်ပြင်တော်အား ရေဖုံးလွှမ်းသွားခဲ့ရာ သံအုပ်သျှောင်အုပ်ရသော အုပ်ခုံအပေါ်သို့ (၁၀)လက်မ အထိ ရေမြုပ်သွားသည်။ ပါဒခြေတော်ရာမြတ်အထက်သို့ မန်းချောင်းရေ ဦးခိုက်ပူဇော်လျှက်ရှိသည်။ သံအုပ်သျှောင်အထက်ရေလွှမ်းသွား၍ မန်းစက်တော်ရာ ဘုရားတွင် မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူများမှ ရေကင်းများချ ထား၍ ရေဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်လျှက်ရှိကြောင်း၊ သြဂုတ်(၂၁)ရက် နေ့လည်ပိုင်းအချိန်ခန့် တွင် မန်းချောင်းရေ ပြန်လည်ကျဆင်းသွားကြောင်း၊
``ဟိုးယခင်က(ခုနှစ်မမှတ်မိတော့ဘူး) ရွှေစက်တော်ဘုရားပွဲတော်တွင်းကြီးမှာ ညအိပ်နေတဲ့အချိန် မန်းချောင်းရေတွေ ဒလကြမ်းကျပြီး ဆိုင်တွေရေမျော၊ လူတွေသေပြီးကထဲက ယခုနှစ်မှာ တစ်ခါရေပြန်ပြီးကြီးလာတာပါဘဲဗျာ..´´။ ဟု ဒေသခံ ချင်းအမျိုးသားတစ်ဦးက ပြောပြ၍ သတင်းရရှိသည်။
``မကွေးမြို့ အောင်မေတ္တာရပ်ကွက် စာသင်ကျောင်းမြေနေရာပြန်လည်ရရှိရေးကော်မတီမှ နိုင်ငံတော်သမ္မတသို့တိုင်ထားကြောင်း မီဒီယာများကို ဖိတ်၍ရှင်းလင်း´´
``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းငါးလွှတ်ပွဲ ပြုလုပ်´´
သြဂုတ်(၁၈) နံနက်(၇း၅၀ မှ ၈း၁၀)နာရီအထိ မကွေးမြို့ ဆိပ်ကမ်းသာလမ်း နန်းထိုက်သူဟော်တယ် ရှေ့ ဧရာဝတီမြစ်ကမ်းဆိပ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ပြုလုပ်ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင် နှင့်အစိုးရ အဖွဲ့ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမောင်ချစ် နှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့ နှင့် ဌာနဆိုင်ရာအကြီးအကဲများ အင်အား(၂၀၀)ခန့်တက်ရောက်ကြောင်း၊ ၂၀၁၃/၂၀၁၄ ခုနှစ်အတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ရခြင်း အကြောင်း အသေးစိတ်ကို မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမောင်ချစ် မှရှင်းလင်းပြောကြားသည်။ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ဧရာဝတီမြစ်အတွင်း နှင့် ဆည်မြောင်းတာတမံများ အတွင်း၌ ၁၉၉၉ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၂/၂၀၁၃ ခုနှစ်တွင် ဧရာဝတီမြစ်အတွင်းကို ငါးသန်ငါးအကောင်ရေ (၁၇)သိန်း၊ ငါးမှုန်ကြီး(၃၇၀)သိန်း စုစုပေါင်း(၃၈၇)သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း၊ ယခုနှစ်တွင် အဆိုပါငါးအမျိုးအစား နှစ်မျိုးကို စုစုပေါင်းအကောင်ရေ(၄၀၈)သိန်း စိုက်ထည့်သွားရန် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနများတွင် ငါးသားပေါက်များကို မွေးမြူထားကြောင်း၊ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားများကို မကွေးမြို့၊ သရက်မြို့၊ မင်းဘူးမြို့၊ ပခုက္ကူမြို့များတွင် ကျင်းပမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် တောင်တွင်းကြီး နှင့် ပွင့်ဖြူမြို့များ၌ မွေးမြူထားခဲ့သော ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုန်းမကြီးများ စသည့် ငါးသန်ကောင်ရေ(၅)သိန်းတို့အား အဖွဲ့အစည်းအသီးသီးတို့မှ အလှည့်ကျဖြင့် ဧရာဝတီမြစ်အတွင်းသို့ ငါးများကို မျိုးစိုက်ထည့်လွှတ်ကြောင်း သတင်းရရှိသည်။
``မကွေးမြို့နယ် အတွင်း၌ နွားထီးများ(၄၁)ကောင် ငွေကျပ်သိန်းတစ်ရာငါးဆယ်တန်ဖိုးခန့်ကို တရားမ၀င်သယ်ဆောင်၍ ဖမ်းဆီးရရှိ´´
သြဂုတ်(၁၇) နံနက်(၁း၅၀)နာရီခန့် ၌ မကွေးမြို့နယ် ဒေါင်းနေချောင်းတံတားဂိတ်တွင် ရောင်စုံခိုင်းနွား ထီး(၄၁)ကောင် ကာလတန်ဖိုးငွေ ကျပ်သိန်းတစ်ရာငါးဆယ်တန်ဖိုးခန့်ကို တရားမ၀င်သယ်ဆောင်၍ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်(၁၇) နံနက်(၁)နာရီခန့်တွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်ညွှန်ကြားချက်ဖြင့် ဒေါင်းနေရဲကင်းမှူး ဒုရဲအုပ် ဇော်ဌေးလွင်တို့အဖွဲ့သည် ဒေါင်းနေတံတားဂိတ်၌ စောင့်ဆိုင်းနေစဉ် ည(၂)နာရီအချိန်ခန့်မှာ မကွေးမြို့မှ ရေနံချောင်းမြို့သို့ မောင်းနှင်းလာသော ယာဉ်မောင်း ဆန်းကျော်(၃၀)နှစ်၊ ၉/မသန(နိုင်)၁၂၂၆၂၅ ၊ (၉)လမ်း၊ (၉)ရပ်ကွက်၊ မြစ်သားမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ယာဉ်အမှတ်(၄ဃ/ ၉၄၀၈) ယာဉ်အဖြူရောင်၊ နောက်တွဲ(၂၂)ဘီးပါ ကားကို တားဆီးစစ်ဆေးရာ အဆိုပါနောက်တွဲယာဉ်၏ ဘေးတစ်ဖက်တစ်ချက်တွင် မိုးကာအပြာရောင်ဖြင့်ဖုံးအုပ်ထား ကြောင်း တွေ့ရှိသည်။ ထိုမိုးကာအား ဖွင့်ကြည့်ရာ နောက်တွဲယာဉ်ပေါ်၌ နွားထီးရောင်စုံ(၄၁)ကောင်အား တွေ့ရှိပြီး နွားတစ်ကောင်တန်ဖိုးငွေကျပ် သုံးသိန်းခွဲခန့်၊ စုစုပေါင်းကာလ တန်ဖိုးငွေပေါင်း သိန်း(၁၅၀)ခန့်အား တရားမ၀င်သယ်ယူ လာကြောင်း စစ်ဆေးတွေ့ရှိသည်။
ထို့ကြောင့် အဆိုပါယာဉ်ဖြင့်လိုက်ပါလာသူ နွားပိုင်ရှင် နေဇင်ထွန်း(၃၆)နှစ်၊ ၉/အမရ(နိုင်) ၁၂၄၇၃၂ ၊ ချမ်းမြသာစည်ရပ်ကွက်၊ အမရပူရမြို့၊မန္တလေးတိုင်းဒေသကြီးနေသူအား စစ်ဆေးရာ အဆိုပါနွားများအား ယင်းဆိပ်ရွာ နွားပွဲဈေးမှ ၀ယ်ယူလာကြောင်း၊ မန္တလေးမြို့သို့သယ်ယူလာရာတွင် တရားမ၀င်သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးရရှိ၍ အဆိုပါ ယာဉ်နှင့် နွားများအား သက်သေရှေ့တွင်ဖမ်းဆီးသိမ်းဆည်းပြီး နွားများကို တရားမ၀င်သယ်ဆောင် လာသူ နေဇင်ထွန်း နှင့် ဆန်းကျော် တို့ နှစ်ဦးအား ဒု ရဲအုပ် ဇော်ဌေးလွင် က တရားလိုပြုလုပ် တိုင်းတန်းခဲ့သည်။
အဆိုပါအမှုကို မကွေးမြို့မရဲစခန်း၌ (ပ)၁၅၇/ ၂၀၁၃၊ အရေးကြီးကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ-၅ ဖြင့် သြဂုတ်(၁၇)ရက်၊ နေ့(၁၂)နာရီခန့်အချိန်တွင် အမှုဖွင့်ပြီး ဒု ရဲအုပ် ၀င်းမျိုးသန့် မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။
``မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက် မြသီတာလမ်း နှင့် ဥတ္တရလမ်းတွင်းက ကိုယ်ပြောက် လူသဏ္ဍန်အား စိုးရိမ်ထိပ်လန့်နေကြ ဟုဆို´´
မကွေးမြို့တွင် သြဂုတ်လဆန်းပိုင်းမှ စ၍ သိင်္ဂါဂီရိရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ၏ အနောက်ဘက်ခြမ်း မြသီတာလမ်း နှင့် ဥတ္တရလမ်း တို့မှာ အိမ်ခေါင်မိုးပေါ်နှင့် သစ်ပင်များပေါ်တွင် တက်ပြေးနေသော ကိုယ်ပြောက် လူသဏ္ဍန်အား လူစုလူဝေးများဖြင့် ညစဉ်ရှာဖွှေနေကြရ၍ လမ်းတွင်းရှိ အများပြည်သူများနှင့် ရပ်ကွက်တွင်းမှ လုပ်သားပြည်သူများ အထိပ်တစ်လှန့်ဖြစ်နေကြောင်း သတင်းရရှိသည်။ သက်ဆိုင်ရာမှ ကောလဟာလ သတင်းဟု သတ်မှတ်ကြ၍ မြန်မာပို့စ် က ထိုလမ်း နှစ်လမ်းသို့ ကွင်းဆင်းသတင်းယူ၍ ဖော်ပြလိုက်ပါသည်။
သိင်္ဂါဂီရိရပ်ကွက် ဗိုလ်ချုပ်လမ်းမ၏ အနောက်ဘက်ခြမ်း မြသီတာလမ်းတွင်းသို့ဝင်ရောက်မေးမြန်းရာ..၊
`` ကျမတို့ မြသီတာလမ်း အနောက်ဖျားကစပါတယ်။ သြဂုတ်လ(၉)ရက်၊ (၁၁)ရက်၊ (၁၄)ရက် ညတွေကဆိုတော့ ဒီလမ်းထဲမှာ(၃)ခါလောက် ဖြစ်တာပါ။ ည ၈နာရီလောက်မှာ ၀ုန်းဆိုတဲ့အသံ ကြားရတယ်။ အနောက်ထိပ်က ကိုစန်းရီ တိုက်ပေါ်နဲ့ မြသီတာလမ်းနဲ့ ဗိုလ်ချုပ်လမ်းထိပ်က ဆရာမကြီး ဒေါ်ရီတို့တိုက်ပေါ်ကို ခေါင်မိုးတွေပေါ်ကနေပြေးသွားတယ်။ သူခိုးကိုမမြင်ရပါဘူး။ အဲဒီတိုက်ခေါင်းမိုးပေါ်တွေကို လူတွေတက်ကြည့်ပြီး ရှာဖွှေကြတယ်။ သူခိုးက အိမ်ခေါင်မိုးပေါ် တွေနဲ့ သစ်ပင်တွေပေါ်ကို တက်တက်ပြေးပြီး ပြောက်ပြောက်သွားတယ်လို့ ပြောကြပါတယ်။ သွပ်ပြားနင်း ပြေးတဲ့အသံတွေ၊ သူခိုးလိုက်တဲ့ လူအုပ်တွေရဲ့အသံတွေ အဲဒီညတွေမှာဆို အိပ်လို့မရပါဘူးဗျာ..။ သြဂုတ်(၁၄)ရက်နေ့က လမ်းအနောက်ထိပ် မှာ ည(၈)နာရီစပြီးဖြစ်တယ်။ လူအုပ်နဲ့ ၀ိုင်းလိုက်ကြတယ်။ ကျမကတော့မြင်ရတယ်။ အဲဒီအိမ်အပေါ်ကနေ ဟိုဘက်သစ်ပင်ပေါ်ကို လွှာကနဲ့ခုန်တက်ပြေးပြီးပျောက်သွားတာဘဲ။ အပြင်လူကိုမပြောရဲဘူး၊ ကျမယောက်ကျားကိုသာ ပြောခဲ့ပါတယ်။ အဲ ကျမတို့အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်ကို ည(၁၂)နာရီကျော် (၁)နာရီလောက်မှာ သူခိုးဝင်လာ တယ်လို့သိရတယ်။ ခေါင်းမိုးပေါ်က သွပ်ပြားနင်းတက်ပြီးခုန်ချလိုက်တာ ဆင်းနင်းခံသွပ်ကို ချိုင့်သွားတယ်။ သူခိုးကိုတော့ မမြင်ရဘူး လို့သိရတယ်။ အဲဒီလိုဖြစ်ရင် လူအုပ်ကြီးကများလာတယ်။ ခဲတွေနဲ့ ထုကြလို့ ခဲတွေကို ရှောင်ရတာနဲ့ ကျမဆိုအပြင်ကို မထွက်ရဲဘူး။ အိမ်ထဲလဲ တစ်ယောက်တည်းမနေရဲပါဘူး။´´ဟု မြသီတာလမ်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
``သက်ဆိုင်ရာကလဲ ဘယ်သူမြင်သလဲ မှန်မှန်ပြော၊ တိတိကျကျပြော၊ မမှန်မကန်ပြောရင်၊ သူခိုး သူခိုးလို့အော်ရင် အရေးယူမယ်လို့ပြောနေကြတော့ ယခုလို သတင်းထောက်တွေကို ပြောသလို မပြောရဲဘူးဗျ။ ခက်နေတာက လူတွေပြောတဲ့ ဒီကိုယ်ပြောက် သူခိုး(စပိုက်တာမင်း)က ဘယ်အိမ်က ဘယ်သူ့ပစ္စည်းကိုမျှခိုးသွားတယ်လို့မရှိဘူးဗျ။ ဖြစ်စဉ်ကတော့အမှန်ဘဲ လူကိုမမြင်ရတဲ့ ကိုယ်ပြောက် လူသဏ္ဍန်ပေါ့၊ ဒီတစ်ခါ လမ်းထဲမှာဖြစ်ရင် ဆရာဆီဖုန်းဆက်ခေါ်လိုက်ပါ့မယ်။´´။ ဟု မြသီတာလမ်းမှ အမျိုးသားတစ်ဦးကပြောသည်။
``ကျမနာမည်က ဒေါ်ခင်ရှိန်ပါ။ ကျမအိမ်မှာ သုံးယောက်ထဲပဲရှိပါတယ်။ အဲဒီည(၁)နာရီလာက်မှာ အိမ်ခေါင်မိုးပေါ်က သွပ်ပြားနင်းပြီးလာတဲ့အသံကို ကြားရပါတယ်။ လူကိုမမြင်ရဘူးရှင့်၊ အိမ်အရှေ့အဖီအသစ်ကနေ နောက်သွပ်ပြားအဖီအထိ လမ်းလျှောက်သွားသံရယ်..၊ နောက် ၀ုန်းဆို ခုန်ကူးသွားတဲ့အသံကိုကြားလိုက်ရပါတယ်။ အစကတော့ ကျမပြောတာကို မယုံကျဘူး၊ ကျမကို စိတ်ဖောက်ပြီး ပြောနေကြတယ်ပေါ့။ အခုတော့ ဟိုလူကလဲမြင်တယ်။ ဒီလူကလဲမြင်တယ်ဆိုတော့မှ တော်ပါသေးတယ်။ ကျမတို့မှာ နေ့မှာအိပ်ပြီး ညမှာ သားတွေ အိမ်နီးချင်းတွေခေါ်ပြီး စောင့်စောင့်နေရတာ အလုပ်အကိုင်လဲပျက်နေကြပါပြီ..ရှင်။ သက်ဆိုင်ရာကို လုံခြုံရေးစောင့်ဖို့ပြောတော့လဲ မရပါဘူး။ တစ်လမ်းလုံး အိမ်နဲ့ဆက်နေတဲ့ သစ်ပင်ကိုင်းတွေကို ခုတ်ထွင်ရှင်းထားရတယ်။ ကျမ အိမ်ကို ညစဉ်လိုလို ဒီကိုယ်ပြောက်သူခိုးက လာလာနေပါတယ်..။´´ ဟု မြသီတာလမ်းမှ ဒေါ်ခင်ရှိန်ကသည်။
``ဖြစ်စဉ်ကတော့မှန်တယ်ဗျ။ အဲဒီညတွေမှာဆိုရင် လမ်းမတွေပေါ်မှာ ရပ်ကွက်တွင်းက လူများစွာထွက် ထွက်ကြည့်ကြတယ်။ ယခုလဆန်းကထဲက ဖြစ်နေတာပါ။ အိမ်နံပါတ်(၁၉) ဦးကြည်မောင်အိမ်မိုးပေါ် ကိုတက်ပြီး သူခိုးက ခုန်းချတာ အသံမည်တယ်ဆိုတယ် ဆင်းနင်းခံသွပ်ပြား(အထူစား)သွပ် ချိုင့်ခွက်သွားတာ ကျွန်တော်ကိုယ်တိုင် ကြည့်ခဲ့ရပါတယ်..၊ ဘာမှ မဟုတ်ဘူးဆိုပေမယ့် ညတိုင်းလိုလို ရပ်ကွက်ထဲလူတွေ စိုးရိမ်ပြီး စူးစမ်းလိုစိတ်နဲ့ထွက်ထွက်ကြည့် နေကြရပါတယ်..။´´ ဟု စာရေးဆရာ ရေနံ့သာအောင်ချမ်းဇော် က ပြောသည်။
Subscribe to:
Comments (Atom)
