``ပခုက္ကူခရိုင်တရားရုံးမှ ယူနတီဂျာနယ် အမှုဆောင်အရာရှိ ဦးတင်ဆန်း နှင့် သတင်းထောက်လေးဦး၏ ထောင်(၁၀)နှစ်ချသောအမှု၊ အယူခံကို မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ချုပ်မှလက်ခံ´´



ဇူလိုင် ၂၁၊ မကွေး ။

 ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ၃/၁(က)ဖြင့် ၂၀၁၄၊ ဇူလိုင် ၁၀ ရက်နေ့တွင်  ယူနတီ သတင်းဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း ပါ သတင်းထောက်လေးဦး တို့ကို အလုပ်ကြမ်းနှင့် ထောင် ဒဏ် (၁၀)နှစ်စီ အသီးသီးချမှတ်ကျခံစေရန် ပခုက္ကူခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။

အမှုဖြစ်စဉ်အကျဉ်းမှာ ၂၀၁၄ ဇန်န၀ါရီ(၂၅)ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၃)၊ အမှတ်(၄) မှ ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတုစက်ရုံဟု ဓာတ်ပုံနှင့်တကွ မျက်နှာဖုံး၌ ဖော်ပြခဲ့သောကြောင့် ထောင် ဒဏ်များအသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။

`` ပခုက္ကူခရိုင်တရားရုံးရဲ့ဆုံးဖြတ်ချက် အမိန့်ကို ပြင်ဆင်ချက်အမှတ် ၅၈/၂၀၁၄ နဲ့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရုံးက ညနေကျမှ လက်ခံလိုက်ပါတယ်၊ ဇူလိုင်(၃၀)ရက်နေ့ ထပ်မံရုံးချိန်းလိုက်ပါတယ်။´´ ဟု ရှေ့နေ ဦးရောဘတ်စန်းအောင် က သတင်းမီဒီယာများကို ပြောသည်။

ပခုက္ကူခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်သည့် အမိန့်အား တရားဥပဒေနှင့်အညီ ရှေ့နေ ဦးရောဘတ် စန်းအောင် မှ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရုံးသို့ ဇူလိုင် (၂၁)ရက်နေ့ နံနက် (၉း၃၀)နာရီ အချိန်တွင် အမှုအားပြင်ဆင်ပေးရန် အယူခံလွှာတင်သွင်းခဲ့ကြောင်း၊ ညနေရုံးဆင်းချိန်တွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရုံးက အမှုပြင်ချက်အမှတ် ၅၈/၂၀၁၄ ဖြင့် တရားလွှတ်တော်ချုပ်ရုံးတွင် တရားသူကြီး ဒေါ်နုယဉ်၏ တရားခွင် မှ ၎င်းအမှုအား လက်ခံကြောင်း၊ယူနတီဂျာနယ်အမှုဆောင်အရာရှိ ဦးတင်ဆန်း၊ သတင်း အယ်ဒီတာ နှင့် သတင်းထောက် လေးဦးတို့၏ အမှုပြင်ဆင်ချက်ကို ဇူလိုင် (၃၀)ရက်နေ့တွင် ပြန်လည်ကြားနာရန် ချိန်းဆိုလိုက်ကြောင်း မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရုံးမှ မဇ္ဈိမ က သတင်း ရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: