``မကွေးမြို့ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် ပညာပါရမီကုသိုလ်ပြုအဖွဲ့၏ ပညာပါရမီစာကြည်တိုက်အား IT နည်းပညာဖြင့် Modern Libraey စာကြည့်တိုက်အဆင့်တိုးမြှင့်၍ အင်တာနက်အခမဲ့ အသုံးပြုနိုင်´´



မကွေး၊ နိုဝင်ဘာ ၁၇ ။
          မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းကြီးလမ်းရှိ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် ပညာ ပါရမီကုသိုလ်ပြုအဖွဲ့၏ ပညာပါရမီစာကြည်တိုက်အား IT နည်းပညာဖြင့် Modern Libraey စာကြည့်တိုက် အဆင့်တိုးမြှင့်၍ အင်တာနက်အခမဲ့ အသုံးပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ၂၀၁၄၊ နိုဝင်ဘာ ၁၆ ၊ ညနေ ၅း မှ ၆း နာရီအချိန်ခန့်အထိ ညှိနှိုင်းဆွေးနွေး၍  ဒီဇင်ဘာလမှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြေလတ်မီဒီယာ က သတင်းရ ရှိသည်။

`` ၂၀၀၇ နှစ်က စေတနာ့ဝန်ထမ်းပညာရေးကျူရှင်နဲ့ စာကြည့်တိုက်ကိုဖွင့်ခဲ့ပါတယ်။ ယခုတော့ ပညာပါရမီ ကုသိုလ်ပြုအဖွဲ့အဖြစ်နဲ့သာ ပညာရေးအတွက်လိုအပ်တဲ့နေရာမှာ ကူညီထောက်ပံ့ပေးနေပါတယ်။   ယခင်က အဖွဲ့ဝင် ရှစ်ရာကျော်လောက်ရှိခဲ့ပေမဲ့ ယခုတော့ အဖွဲ့ဝင် နှစ်ရာကျော်ဘဲ ရှိပါတော့တယ်။´´ဟု ကပ်ကျော် ကျောင်းထိုင်ဆရာတော်မှ မြေလတ်မီဒီယာ ကိုပြောသည်။

          အဆိုပါ ပညာပါရမီကုသိုလ်ပြုအဖွဲ့ကို ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာကျောင်းထိုင်ဆရာတော် အရှင်သဇ္ဇန မှ ဦးစီး၍၂၀၀၇ မှ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်ပေါင်း ရှစ်ရာကျော်ခန့် အထိတိုးတက်လာကြောင်း၊ အသင်းဝင်တစ်ဦးလျှင် လစဉ်ငွေကျပ် တစ်ထောင်ကျပ် နှင့် အခြားအလှူရှင်များ၏ မတည်လှူဒါန်းငွေများဖြင့် မတည်ထူထောင်ခဲ့ကြောင်း၊ ၎င်းအဖွဲ့မှ မူလတန်းမှ အခြေခံဘွဲ့ရ လူငယ်များအထိ ယဉ်ကျေးလိမ္မာသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများ နှင့် ချို့တဲ့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အစိုးရ မူလတန်းကျောင်း များ၊ ကျောင်းပြင်ပ ပညာရေးကျောင်းများ(NFPE) ကျောင်းများသို့လည်း စာရေးကိရိယာ များ ကိုလှူဒါန်းခြင်း များပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ ပညာပါရမီစာကြည်တိုက်အား IT နည်းပညာဖြင့် Modern Libraey စာကြည့် တိုက်အဆင့်တိုးမြှင့်၍ အင်တာနက်အခမဲ့ အသုံးပြုနိုင်ရေးအတွက် ကွန်ပျူတာများ နှင့် တက်ဘလက် များကို တစ်ဦးချင်း အလှူရှင်များမှ လှူဒါန်းပေးထားကြောင်း၊ ကိုယ်ပိုင် ဖုန်းများ၊ တက်ဘလက်၊ လက်ပတော့ကွန်ပျူတာများ ဖြင့်လည်း အသုံးပြုနိုင်ရန် WI-FI networks ဖြင့် တစ်နေရာတည်း၌ ဗဟုသုတစုံ၊ ပညာရပ်စုံများ၊ သတင်း အချက်အလက်စုံများ ရရှိနိုင်ရန် လူသားအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ အလှူခံလိုသောစာသင်ကျောင်းများနှင့် ပညာဒါနပြုလိုသောတစ်ဦးချင်းအလှူရှင်များ(၀၉-၄၀၁၅၅၇၉၂၂)သို့ ဆက်သွယ်နိုင်ကြောင်း ကပ်ကျော် ဆရာတော် အရှင်သဇ္ဇန(ခ) စာရေးဆရာ သာကီနွယ်သွေး (မကွေး) က မြေလတ်မီဒီယာ ကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် မိန့်ကြား၍ သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: