``ကျောင်းတက်ရန်လမ်းလျှောက်သွားနေသော ကျောင်းသူသုံးဦး၏ နောက်သို့ မော်တော်ယာဉ်တစ်စီးမှ ၀င်ရောက်တိုက်မှုဖြစ်ပွား´




          နတ်မောက်၊ နိုဝင်ဘာ ၂၇
မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာတွင် ၂၀၁၄ နိုဝင်ဘာ ၂၆၊ နံနက် ၇း၃၀ နာရီအချိန်ခန့်တွင် ကျောင်းတက်ရန်သွားနေသော ကျောင်းသူ သုံးဦးတို့ကို မော်တော်ယာဉ်တစ်စီးက ကျောင်းသူများနောက်သို့ ၀င်ရောက်တိုက်မှုဖြစ်ပွားကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ဖြစ်စဉ်အကျဉ်းမှာ ကျောက်ပန်းတောင်း-ရွာမွန်လမ်းအတိုင်း ကျောက်ပန်းတောင်းဘက်မှ ရွာမွန်ကျေးရွာသို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးစောဝင်း(၆၂)နှစ်၊၀မ်းတွင်းမြို့၊ ကားအမှတ် ၇/…….၀က်ကွန် ဖိုးဝှီး အစိမ်း ရောက် မော်တော် ယာဉ်သည်၊ ရွာမွန်ကျေးရွာအနီး မိုင်တိုင် ၀/၂ နှင့် ၀/၃အကြားအရောက်တွင် ၎င်းမော်တော် ယာဉ်၏ ယာဘက် နောက်ဘီးပေါက်ပြီး လမ်းဘေးထိုးကျကြောင်း၊ ထိုအချိန်တွင် နတ်မောက် မြို့နယ်၊ ရွာမွန်ကျေးရွာအုပ်စု၊ ကျောင်းရွာလေးကျေးရွာမှ ရွာမွန် အထက ကျောင်းသို့ လမ်းလျှောက်သွား နေကျသော မတင်မိုးအေး(၁၂)နှစ်၊ ခြောက်တန်း၊ မနီလာခင်(၁၂)နှစ်၊ ခြောက်တန်းနှင့် မခိုင်နှင်းဝေ(၁၃)နှစ်၊ ငါးတန်း ကျောင်းသူ သုံးဦးတို့၏ နောက်မှ ၎င်းမော်တော်ယာဉ်က ၀င်ရောက်တိုက်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် မတင်မိုးအေး တွင် မျက်နှာ၊ယာဘက်နံစောင်း နှင့်ယာဘက် တင်ပါးတို့၌ ဒဏ်ရာအသီးသီးရ(မစိုးရိမ်ရ)၊  မနီလာခင်တွင် ဦးခေါင်းနောက်စေ့၊ ၀ဲဘက်ပါး၊ ယာဘက်လက်ကောက်ဝတ်၌  ဒဏ်ရာများအသီးသီးရ(မစိုးရိမ်ရ) ကြောင်း၊ မခိုင်နှင်းဝေ တွင် ဦးခေါင်းဖူးရောင်၊ ၀ဲ/ယာ ခြေဖမိုးများပွန်း၊ နေရာတွင်သတိကောင်းစွာမရ(စိုးရိမ်ရ)၍ နတ်မောက်ဆေးရုံသို့ တင်ပို့ကုသထားကြောင်း၊ ၎င်းနေ့တွင်  မခိုင်နှင်းဝေ အား နတ်မောက်ဆေးရုံမှ မကွေးမြို့ ဆေးရုံသို့  ထပ်မံပို့ဆောင်ကုသထားကြောင်း နိုဝင်ဘာ ၂၇ရက်နေ့အထိ ရဲမှတ်တမ်းအရ သတင်းရရှိသည်။
     
          ၎င်းဖြစ်စဉ်အမှုအား ဒု ရဲအုပ်အေးချမ်းအောင် မှ တရားလိုပြုလုပ်၍ ၂၀၁၄၊ နိုဝင်ဘာ ၂၆၊ နေ့ ၁၂ နာရီအချိန်တွင် နတ်မောက်မြို့မရဲစခန်း၌ ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့် ယာဉ်မောင်း ဦးစောဝင်း (၆၂)၊(ဘ)ဦးဘမောင်၊ ညီနောင်ရပ်ကွက်၊ ၀မ်းတွင်းမြို့အား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်း အရ မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
                                                                                 မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: