``ပွင့်ဖြူမြို့နယ်၊ ပုသိမ်- မုံရွာ ကားလမ်းဘေးရှိ နွားလှည်းလမ်း၌ လူတစ်ဦးအား ရဲဒင်းဖြင့် ခုတ်သတ်ခံရ´´



ပွင့်ဖြူ၊ နိုဝင်ဘာ ၁၀ ။
          ပွင့်ဖြူမြို့နယ်၊ ပုသိမ်- မုံရွာ မိုင်တိုင်အမှတ်(၂၉၈)၏ အရှေ့ဘက်နွားလှည်းလမ်းတွင် ၂၀၁၄၊ နိုဝင်ဘာ ၉ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်၌ ဦးကြာခိုင်(၄၅)နှစ်၏ ဦးခေါင်းယာဘက်နားထင်မှာ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေကြောင်း မြေလတ်မီဒီယာ ကသတင်းရရှိသည်။

          ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ၊ ကိုစစ်ထူးအောင် နေအိမ်သို့ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းညွှန့် ရောက်ရှိလာပြီး၊ ကိုစစ်ထူးအောင်၏ အဒေါ်တော်စပ်သူ ဒေါ်မြရွှေ၏ ခင်ပွန်းဖြစ်သူ ဦးကြာခိုင်(၄၅)နှစ်၊ (ဘ) ဦးအောင်ငြိမ်း၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်ကိုင်သူသည် ပုသိမ်- မုံရွာ မိုင်တိုင်အမှတ်(၂၉၈)၏ အရှေ့ဘက် နွားလှည်း လမ်း(ဖိုးဝခြောက်တဲတိုက်)အနီး၌ ဦးခေါင်းယာဘက်နားထင်မှာ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေကြောင်း၊ ကိုစစ်ထူးအောင်တို့အဖွဲ့သည် ကျေးရွာအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်ဆွေအားခေါ်ပြီး မဲဇလီရဲကင်းသို့ သွားရောက်တိုင်ကြားခဲ့သည်ဆို၏၊ ၎င်းအဖွဲ့တို့သည် အဆိုပါအခင်းဖြစ်ရာသို့သွား ရောက်ကြည့်ရှုကြ၍ (ဖိုးဝခြောက် တဲတိုက်)သို့သွားရာလမ်းရှိ ကျွဲခြံရွာသား ဦးတင်သောင်း၏ တဲသို့ စုံစမ်းမေးမြန်းကြောင်း၊ ရေပုတ်ကြီးကျေးရွာမှာ နေထိုင်သူ ကိုလေးမြင့်(၄၁)နှစ်၊(ဘ) ဦးမြဆန်း၊ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်ကိုင်သူ မှ သေဆုံးသူ ဦးကြာခိုင်အား ရဲဒင်းဖြင့်ခုတ်သတ်သွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြချက်အရ သတင်းရရှိသည်။

          အဆိုပါအမှုကို နိုဝင်ဘာ ၉ ရက်၊ ည ၁၀ နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့မရဲစခန်း၌ မောင်စစ်ထူးအောင်မှ တရားလိုပြုလုပ်၍ ရဲဒင်းနှင့်ခုတ်သတ်သူ ကိုလေးမြင့် အားအရေးယူပေးပါရန် (ပ)၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမူဖွင့်ထားကြောင်း၊ ည ၁၀း၃၀ နာရီအချိန်တွင် တရားခံအား ဖမ်းဆီးရမိထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ၍ မြေလတ်မီဒီယာ သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: