၆ပွင့်ဆိုင် တွေ့ဆုံမှုကို မြန်မာသမ္မတ ဦးသိန်းစိန် ယတိပြတ်ငြင်းပြီ

၆ပွင့်ဆိုင် တွေ့ဆုံမှုကို မြန်မာသမ္မတ ဦးသိန်းစိန် ယတိပြတ်ငြင်းပြီ
Posted by: Kamayut Media Admin on November 28, 2014 at 00:30 AM 2 Comments  မှ ကူးယူဖော်ပြပါသည်.
 
ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ လက်တွေ့မကျတာကြောင့် မဖြစ်နိုင်ဘူးလို့ မြန်မာသမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၂၇ရက်နေ့မှာ တရားဝင် ငြင်းဆိုလိုက်ပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံမှုကို ငြင်းဆန်ခဲ့တဲ့ သမ္မတက ၆ပွင့်ဆိုင် တွေ့ဆုံမှုကိုရော ဘာအကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလဲ။

ပြည်ထောင်စုလွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ချဉ်းကပ်ပုံဟာ လူပုဂ္ဂိုလ်ကို အခြေခံပြီး စဉ်းစားတာဖြစ်တာကြောင့် အုပ်ချုပ်ရေးအစိုးရအဖွဲ့ရဲ့ ချဉ်းကပ်ပုံဖြစ်တဲ့ အဖွဲ့အစည်းတွေကို အခြေခံပြီး စဉ်းစားမှုနဲ့ ကွာခြားတာကြောင့် ၆ပွင့်ဆိုင် တွေ့ဆုံမှုကို လက်မခံဘူးလို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဝါရှင်တန်အခြေစိုက် RFA ရေဒီယိုကို ပြောဆိုခဲ့ပါတယ်။

၆ပွင့်ဆိုင်ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်ကို တိုင်းရင်းသားပါတီထဲကတစ်ယောက် ရွေးချယ်တာဟာ ကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုနိုင်ဖို့ဆိုတာ တစ်ယောက်တည်းက မဖြစ်နိုင်တာကြောင့် ဒီလိုပြောဆိုမှုတွေဟာ လက်တွေ့နဲ့ သိပ်ပြီး မနီးစပ်ဘူးလို့ ဦးရဲထွဋ်က ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တစ်ယောက်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံကြဖို့ နိုဝင်ဘာ ၂၅ရက်နေ့မှာ တိုက်တွန်းခဲ့ပြီး တစ်ရက်အကြာ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အင်အားစုအားလုံး ပါဝင်တဲ့ တွေ့ဆုံမှုကိုသာ ဆက်လုပ်သွားမယ်လို့ ရန်ကုန်မှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် နိုဝင်ဘာ ၂၆ရက်နေ့က ယတိပြတ်ပြောဆိုအပြီး သမ္မတရဲ့ ၆ပွင့်ဆိုင် တွေ့ဆုံမှုကို ငြင်းပယ်တဲ့ တရားဝင် သဘောထား ပေါ်ထွက်လာတာဖြစ်ပါတယ်။

မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ၂ဝ၁၁ခုနှစ် သြဂုတ် ၁၈ရက်နေ့မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ မြန်မာသမ္မတဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို နှိမ်ချတဲ့အနေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံမှုကို ပယ်ချခဲ့အပြီး တစ်နှစ်အကြာမှာ လွှတ်တော်က တရားဝင်တိုက်တွန်းတဲ့ ၆ပွင့်ဆိုင် တွေ့ဆုံမှုကိုပါ ယတိပြတ် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ် ၇ဝနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု ပျက်ပြားခဲ့တဲ့တစ်ရက်တည်းမှာပဲ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ငြင်းပယ်မှုဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားကိုပါ ရောင်ပြန်ဟပ်နေတယ်လို့ သေချာပေါက် မပြောနိုင်သေးပေမယ့် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်ကို ရွေးချယ်ခဲ့မှုအပေါ် ဒီတစ်ယောက်တည်းက တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်ဆိုတာကိုလည်း သွယ်ဝိုက်ပြီး ငြင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: