အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်မှု အရှိန်မြှင့်မည်ဟုဆို (၉၄)နှစ်မြောက် အမျိုးသားနေ့တွင် ကျောင်းသား ၂၀၀ ကျော်က အမျိုးသားပညာရေးဥပဒေကို သုံးရက်မြောက် ဆက်လက်သပိတ်မှောက် ဆန္ဒပြ

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သည့် တတိယနေ့အဖြစ် တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်က နိုဝင်ဘာ ၁၆ ရက်တွင် ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ရောက်ဖူးမြော်ဆန္ဒပြနေကြစဉ်။ နိုဝင်ဘာ ၁၆ ရက်မှာ (၉၄)နှစ်မြောက် အမျိုးသားနေ့နှင့် တိုက်ဆိုင်နေသည်။ (ဓာတ်ပုံ − ကျော်ဇင်သန်း)
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးသည်အထိ ဆန္ဒပြမှု အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဆောင်သပိတ်မှောက်ကျောင်းသားများက ပြောသည်။
(၉၄)နှစ်မြောက် အမျိုးသား နေ့ ဖြစ်သော နိုဝင်ဘာ ၁၆ ရက် တွင် သပိတ်မှောက် ကျောင်းသားများသည် ရန်ကုန်မြို့ ကြေးသွန်းဘုရားအနီးနှင့် ရွှေတိဂုံစေတီတော်၌ တတိယမြောက်နေ့ အဖြစ် ဆက်လက်သပိတ်မှောက် တောင်းဆိုခဲ့ကြသည်။

‘‘ကျွန်တော်တို့ တောင်းဆို ထားတာက အမျိုးသားပညာရေး ဥပဒေကို ဖျက်သိမ်းဖို့လည်း မဟုတ်ဘူး။ ပြောရရင်တော့ ပြင်ဆင်ဖို့ပါ။ ဒီမိုကရေစီပညာရေး အနှစ်သာရနဲ့ ကိုက်ညီတဲ့ အမျိုး သားပညာရေးဥပဒေတစ်ရပ်ပေါ် ထွက်လာရေးအတွက်ကို တောင်းဆိုတာပါ’’ဟု ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ပြောသည်။ သပိတ်မှောက်ကျောင်းသား များသည် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ အချက် ခြောက် ချက်ပါဝင်သော သဘောထား ကြေညာချက်ကို နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ပြီးနောက် နိုဝင် ဘာ ၁၄ ရက်က စတင်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘောထား ကြေညာချက်မှာ  လက်ရှိ အစိုးရက အတည်ပြု ပြဋ္ဌာန်းထားသော အမျိုးသား ပညာရေး ဥပဒေသည် ဆိုးဝါး လျက်ရှိသော ပညာရေးစနစ် ဟောင်းကို ပြောင်းလဲအစားထိုး နိုင်ခြင်းရှိမည် မဟုတ်ဘဲ ယခင် အနေအထားအတိုင်းသာ ဆက်လက်ဆိုးဝါးမှုများဖြစ်ပေါ်လာနိုင်သည်၊ အမျိုးသားပညာရေးဥပဒေတွင်ပါဝင်သော ပြဋ္ဌာန်းချက် များသည် ကျောင်းသားထု၏ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ထားသည်ဟု ယူဆသည်ဟု ဖော်ပြထားသည်။

ထို့အပြင် အမျိုးသားပညာ ရေးဥပဒေ၏ မူဝါဒများသည် စ၊လယ်၊ ဆုံး ဒီမိုကရေစီမဆန်ခြင်းဖြစ်၍ လူ့အခွင့်အရေးတန်းတူညီမျှစွာ မရရှိဘဲ ငြိမ်းချမ်းစွာပညာသင်ကြားခွင့်ကိုလည်း အပြည့်အ၀အာမခံချက်ပေးနိုင်ခြင်း မရှိသောကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။ ကျောင်းသားပြည်သူများကို အခြေခံသည့် ဒီမိုကရေစီပညာရေးအနှစ်သာရနှင့် ကိုက်ညီသော အမျိုးသားပညာရေးဥပဒေတစ်ရပ် ပေါ်ထွက်လာရေးအတွက် ကျွန်ုပ်တို့တစ်နိုင်ငံလုံးရှိ ကျောင်းသားများအားလုံးက တစ်ခဲနက် ညီညာစွာ တောင်းဆိုတိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ကြေညာချက်ထားသည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် ကြေးသွန်းဘုရားကြီးရှေ့၌ အဆိုပါသဘောထား ကြေညာချက် ခြောက်ချက်ကို ထပ်မံဖတ်ပြပြီး ‘‘ဒီမိုကရေစီ ပညာရေး ဒို့အရေး၊ ကျောင်းသား ပြည်သူ အခြေမခံသော ပညာရေးဥပဒေ အလိုမရှိ၊ ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး’’စသည့် ကြွေးကြော်သံများဖြင့် သပိတ်မှောက်ခဲ့ခြင်း ဖြစ် သည်။
ထိုအချိန်တွင် ရန်ကုန် တက္က သိုလ်ပါမောက္ခချုပ်အပါအ၀င် အခြားတက္ကသိုလ်များမှ ပါမောက္ခများက လာရောက်၍ သပိတ်မ မှောက်ရန် တားမြစ်ခဲ့သော်လည်း လက်မခံဘဲ ရွှေတိဂုံစေတီပေါ်သို့ တက်ကာ ဆုတောင်းမှုများပြုလုပ် ခဲ့သည်။

 ရွှေတိဂုံစေတီ အနီးရှိ ဦးအရိယ ကျောင်းတိုက်သို့ သွားရောက်၍ ထိုကျောင်းတိုက် ဆရာတော်၏ သြ၀ါဒများကို သပိတ် မှောက်ကျောင်းသားများက ခံယူခဲ့သည်။ ညနေအချိန်တွင် ရန်ကုန်တိုင်းလွှတ်တော်ရှေ့ ပြည်လမ်းမကြီးဘေးသို့ သွားရောက်ကာ သပိတ်မှောက်ဦးဆောင်ကျောင်းသားများက မိန့်ခွန်းများပြောကြား ခဲ့သည်။
‘‘သပိတ်မှောက်တယ်ဆို တာ ၁၉၂၀ တုန်းက ကျောင်းသား ထုရဲ့ ပုံစံအတိုင်း သပိတ်မှောက် တယ်လို့ သုံးတာပါ။ ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း နေ့စဉ်ရက် ဆက်လုပ်သွားမှာပါ။ အမျိုးသား ပညာရေးဥပဒေဖျက်သိမ်းမပေး မချင်း အဆုံးစွန်ထိလုပ်သွားမှာ ပါ’’ ဟု အမျိုးသားပညာရေးဥပဒေဖျက်သိမ်းပေးရေးနှင့် ပတ် သက်၍ ဦးဆောင်သပိတ်မှောက် သူ ၁၅ ဦး ကော်မတီအဖွဲ့ဝင် ကိုနန္ဒစစ်အောင်က ဆိုသည်။

‘‘ဒီဥပဒေမှာ ဗဟိုထိန်းချုပ် မှုတွေပါနေတယ်။ အမိဘာသာ နဲ့လည်း ကွဲလွဲနေတယ်။ အဲဒါ ကြောင့် သပိတ်မှောက်တာပါ။ ကျွန်တော်တို့ကတော့ နောက် ကျောင်းသားတွေအတွက် အသေ ခံတဲ့အထိ လုပ်သွားမယ်’’ဟု ဆန္ဒ ပြရာတွင်ပါဝင်သော မြင်းခြံနည်း ပညာကောလိပ်ကျောင်းသား သမဂ္ဂမှ ကိုထူးအောင်က ဆိုသည်။၎င်းတို့က လက်ရှိအမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ NNER၏ အချက် ၉ ချက်ပါ ကြေညာချက်ကို ထောက်ခံသဘောတူထားသည်။

‘‘တစ်ပြည်လုံး အတိုင်းအ တာအနေနဲ့ လွှတ်တော်ကော်မတီ တွေ၊ အစိုးရ၀န်ကြီးဌာနတွေ၊ ပြင်ပက ပုဂ္ဂိုလ်အဖွဲ့အစည်း၊ ပညာ ရှင်တွေ အားလုံးပါဝင်ရေးဆွဲပြီး အတည်ပြုထားတဲ့ ဥပဒေဖြစ်ပါ တယ်။ ဒါကို ရုပ်သိမ်းပေးဖို့က တော့လွယ်မယ်မထင်ဘူး။ သူတို့ မကြိုက်လို့ ဆန္ဒပြတာကပြပါ။ ဒီလိုပြတာ သဘာဝကျပါတယ်။ ဒါသူတို့အခွင့်အရေးပဲ။ ဒါပေမဲ့ဒီလိုမကျေနပ်တိုင်းတော့ ဆန် စဉ်ရာ ကျည်ပွေ့မလိုက်နိုင်ဘူး။ နောက်တစ်ခုစဉ်းစားရမှာက အခု အချိန်ဟာ ဘယ်လိုအချိန်လဲဆိုတာ ပြန်သတိရဖို့လိုတယ်။ အခု အချိန်ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ ပတ်သက်လို့ လွှတ်တော်တွင်း အကြိတ်အနယ်ဆွေးနွေးနေတဲ့ အချိန်အခါဖြစ်တယ်။ ဒါကို သတိ ပြုသင့်တယ်။ အခု ပညာရေး ဥပဒေ ထွက်လာတဲ့အခါ ကိုယ် လိုချင်တယ်ဆိုတာထက် အချိန် စောင့်ဖို့လိုတယ်။ အခုက ဥပဒေ ပဲ ပြဋ္ဌာန်းရသေးတာ။ နည်းဥပဒေ မလာသေးဘူး။ လိုချင်တဲ့ အချက် တွေကို နည်းဥပဒေမှာ ထည့်သွင်း ရေးဆွဲလို့ ဖြစ်နိုင်တဲ့အနေအထား မှာရှိပါတယ်’’ ဟု ပြည်သူ့လွှတ် တော်ပညာရေးမြှင့်တင်မှုကော်မတီဝင် ဦးမန်းဂျော်နီကပြောသည်။အမျိုးသားပညာရေးဥပဒေ ကို နိုင်ငံတော်သမ္မတ၏ သဘော ထားမှတ်ချက် ၂၅ ချက်ဖြင့် ပြန် လည်ပေးပို့ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည်ဆွေး နွေးခဲ့ကာ ဒုတိယအကြိမ် ပြန် လည်ပေးပို့လိုက်သည့် အမျိုးသားပညာရေးဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ စက်တင်ဘာ ၃၀ ရက် နေ့စွဲဖြင့် အတည်ပြုခဲ့သည်။

အမျိုးသားပညာရေးဥပဒေ ဖျက်သိမ်းပေးရေး သပိတ်မှောက်တောင်းဆိုနေကြသော ကျောင်းသားများသည် နိုဝင်ဘာ ၁၇ ရက် (ယနေ့)တွင်လည်း ရန်ကုန်မြို့၌ လှည့်လည်၍ ဆက်လက်သပိတ်မှောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်ထံမှ နိုဝင်ဘာ ၁၆ ရက်တွင် ကျရောက် သည့် (၉၄) နှစ်မြောက် အမျိုး သားနေ့အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ယခုနှစ်သည် အမျိုးသား ပညာရေးဥပဒေကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ပညာရေးအရည်အသွေးနှင့် အဆင့်အတန်း ပိုမိုမြင့်မားလာစေရေးအတွက် အထူးပညာရေးအစီအစဉ်နှင့် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်များကို ထည့်သွင်းဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံသားတစ်ဦးတစ်ယောက်မှမကျန် ပညာသင်ယူခွင့်ရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

http://www.7daydaily.com/story/25105#.VGnLRn9ajUs  မှကူးယူဖော်ပြသည်။
 

0 comments: