``မကွေးမြို့၊ ကံသာရပ်ကွက်၊ သစ္စာလမ်း၊ ရွှေမြိုင်အမျိုးသမီးဆောင်ရှေ့၊ ညအချိန်တွင် ဂီတာတီးနေသူအုပ်စုအား အမည်မသိလူငယ်(၇)ဦးမှ ဓားနှင့်ထိုး၍ ရိုက်နှက်ပြီး ထွက်ပြေးမှုဖြစ်ပွား´´



သြဂုတ် ၂၆၊ မကွေး ။
          မကွေးမြို့၊ သြဂုတ် ၂၅ ရက် ည(၁၀း၃၀)နာရီအချိန်ခန့်တွင် မောင်ဝေယံစိုး(၁၈)နှစ်၊ ဒုတိယနှစ် ဆေး ကျောင်းသား(ဘ) ဦးစောလွင်၊ ဇီဝကဘော်ဒါဆောင်၊ ၁၃ လမ်း၊ ကန်သာရပ်ကွက်၊ မကွေးမြို့ မှ တရားလို ပြုလုပ်၍ မကွေးမြို့မရဲစခန်းသို့ (ပ)၁၅၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅/၄၂၇/၃၇၉/၁၁၄  တို့ဖြင့် တရားခံများ ဖြစ်ကြသော အမည်မသိလူငယ်(၇)ဦးတို့က မောင်ဝေယံစိုးပါ လူငယ်ကျောင်းသား(၆)ဦးအား ဓားနှင့်ထိုး၍ ရိုက်နှက်ပြီး အုပ်စုလိုက် ထွက်ပြေးသွားကြောင်း အမှုဖွင့်တိုင်ကြားသည်ကို မဇ္ဈိမ က သြဂုတ်၂၆ ရက် နံနက်ပိုင်း တွင် မကွေးမြို့မရဲစခန်း၏ ရဲမှတ်တမ်းအရ အတည်ပြု သတင်းရရှိသည်။

          အမှုဖြစ်စဉ်မှာ ဇီဝက ဆေးကျောင်းသားဘော်ဒါဆောင်နေသူများဖြစ်ကြသော မောင်ဝေယံစိုး(၁၈)နှစ်၊ မောင်မြတ်ထွေးကို (၁၉)နှစ်၊  မောင်ဝေလင်းမျိုး(၁၈)နှစ်၊ မောင်သော်ဒီဦး(၁၉)နှစ်၊ မောင်ကျော်ထက်ဝေ(၁၉) နှစ် နှင့် နေလ ဘော်ဒါဆောင်နေသူ မောင်ထွန်းမင်းသန့်(၂၁)နှစ် တို့ ခြောက်ဦးသည် မကွေးမြို့၊ကန်သာရပ်ကွက်၊ သစ္စာလမ်းအရှေ့ဘက်ရှိ ရွှေမြိုင် အမျိုးသမီးဘော်ဒါဆောင် ရှေ့၌ သြဂုတ် ၂၄၊ ည ၁၁နာရီကျော်ခန့်အချိန်မှာ ဂီတာတီးနေကြစဉ်၊ အမည်မသိ လူငယ်(၇)ဦးတို့ ဆိုင်ကယ်များဖြင့်ရောက်လာကြောင်း၊ ၎င်းတို့မှ ဆိုင်ကယ်ပေါ်မှ ဆင်းလာကြပြီး တစ်ယောက်က ``ငါတို့သူငယ်ချင်းတွေ ဂီတာတီးတဲ့နေရာကို မင်းတို့က ဘာလို့လာတီးတာလဲ´´ ဟု ပြောဆို၍ မောင်ဝေလင်းမျိုးအား တုတ်ဖြင့်ရိုက်ရာ ယာဘက်လက်ပျင်တွင် တစ်ချက်ရိုက်မိကြောင်း၊ ထိုစဉ် ဝေလင်းစိုးအား အမည်မသိလူငယ် နှစ်ဦးမှ တုတ်ဖြင့်ရိုက်ရာ လက်ဖြင့်ကာလိုက်၍ ယာဘက်လက်ညှိးနှင့် ၀ဲဘက် လက်သူကြွယ်ဖူးယောင်၊ လည်ဂုတ်တွင်လည်း  ဖူးယောင်ဒဏ်ရာနှင့် ယာဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာရပြီး လဲကျသွားစဉ် ဝေယံစိုး၏နောက်ကြော ယာဘက်လက်ပျင်အား ဓားဖြင့်ထိုး၍ ၎င်းနေရာ၌ ဓားထိုးရာ(၂)ချက် (မစိုးရိမ်ရ)၊ ရရှိခဲ့ကြောင်း၊ ၎င်းအခင်းဖြစ်နေစဉ်အချိန်၌ ဆိုင်ကယ်များ၊ သော်ဒီဝေ၏ဆိုင်ကယ် ၃၉ဃ/ ၇၉၆၁၂(Honda Clack) နက်/၀ါ ဆိုင်ကယ်(တစ်သိန်းဘိုးခန့်ပျက်စီး)၊ ကိုကျော်ထက်ဝေ၏ ဆိုင်ကယ် ၃၈ယ/၄၆၂၈၆ (Honda.110) အဖြူရောင်ဆိုင်ကယ်(ငါးသောင်းဘိုးခန့်ပျက်စီး)၊ ကိုမြတ်ထွေးကို၏ဆိုင်ကယ် ၃၄ယ/၉၂၈၀၅(DAYANG 125)အဖြူရောင်ဆိုင်ကယ်(နှစ်သောင်းခန့်ပျက်စီး)တို့အား  အမည်မသိလူငယ်(၇)ဦးက ဖျက်စီးသွားပြီး၊ ကိုဝေလင်းမျိုး၏ဟန်းဖုန်းတစ်လုံးနှင့် ကိုသော်ဒီဦး၏ဂီတာတစ်လုံး တို့အားလည်း ခိုးယူသွား၍ ၎င်းတို့၏ ဆိုင်ကယ်များဖြင့် ထွက်ပြေး သွားကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

          ၎င်းအမှုကို သြဂုတ် ၂၅၊ ည (၆)နာရီအချိန်ခန့်တွင်   မောင်သော်ဒီဦး၊ တတိယဆေးကျောင်းသား၊ ဇီဝက ဘော်ဒါဆောင် နှင့် သူ၏မိခင် ဒေါ်သန်းဌေးအောင်(၄၆)နှစ်၊ စလေမြို့ တို့မှ မကွေးမြို့မရဲစခန်းသို့ သွား ရောက်ပြီး ဆေးကျောင်းသားတစ်ဦး ဓားထိုး၊အရိုက်ခံရသဖြင့် တိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသနေရကြောင်း တာဝန်မှူး ဒုရဲအုပ် အောင်မိုး နှင့် မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးထွေးကို တို့ထံ သတင်းပို့ခဲ့ကြောင်း၊ ၎င်းအမှုကို တရားလို အဖြစ် ကိုဝေယံစိုး က အမှုဖွင့်၍ အမှုစစ် ဒုရဲအုပ်အောင်မိုး လက်ခံပြီး တရားခံ(၇)ဦးအား ဖမ်းဆီးရရှိရေး ဆောင်ရွက်နေကြောင်း ဇီဝကဘော်ဒါဆောင်မှ အမည်မဖော်လိုသူ ဆေးကျောင်းသားတစ်ဦး က မဇ္ဈိမ ကို သြဂုတ် ၂၆ ရက်နေ့တွင် ပြောသည်။ 


မှတ်ချက်။ ။ ၎င်းမှုခင်းသတင်းအား မဇ္ဈိမ သတင်းစာ သြဂုတ် ၂၇ ရက်နေ့တွင် ဖော်ပြပြီး။ 


ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: