``မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂသတင်းစာရှင်းလင်းပွဲ၏ မူခင်းမှ တရားခံများ ဖမ်းဆီးရမိ´´ (မကွေးခရိုင်ရဲတပ်ဖွဲ့မှူး နှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်၍ လုံခြုံရေး၊ တရားဥပဒေစိုမိုးရေးဆောင်ရွက်နေ)



စက်တင်ဘာ ၁၀၊ မကွေး ။
မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ ခွာညိုလမ်းထိပ်ရှိ ဦးအောင်ကျော်ကျော်(မြစ်ကွေ့ဧရာလူမှုကွန်ယက်)၏ နေအိမ်တွင် စက်တင်ဘာ ၂ ရက်၊ ညနေ ၅ နာရီခန့်အချိန်တွင် မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ နှင့်ကော်မတီအဖွဲ့တို့က သြဂုတ်လ ၂၄ ရက်ညတွင် အမျိုးသမီးဆောင်ရှေ့၌ ဂီတာတီးနေကြသောဆေးကျောင်းသား ခြောက်ဦးကို အမည်မသိလူငယ်(၇)ဦးက ၀င်ရောက်လာပြီး ဓားနှင့်ထိုး၊ တုတ်နှင့်ရိုက်မှုအား မကွေးမြို့မရဲစခန်းသို့ (ပ)၁၅၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅/၄၂၇/၃၇၉/၁၁၄ အမှုဖွင့်ခဲ့ရာ တရားခံများ ကို စက်တင်ဘာ ၅ ရက်နေ့အထိ ဖမ်းဆီးရမိခြင်းမရှိကြောင်း ဒီကိစ္စအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မထံသို့ ကျောင်းသား များအတွက် လုံခြုံမှုမရှိဘဲ တရားဥပဒေစိုးမိုးရေးအားနည်းနေကြောင်း တိုင်ကြားစာပို့ထားပါကြောင်း  မကွေးဆေး တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုစည်သူငြိမ်း က စက်တင်ဘာ ၉ ရက်နေ့တွင် မြေလတ်မီဒီယာ ကိုထပ်မံ ၍ပြောသည်။

၎င်းနေ့ စက်တင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကိုစိုးသူရအောင်(၂၀)နှစ် တတိယနှစ် ဆေးကျောင်း သားသည် ၎င်းနေထိုင်သော မကွေးမြို့၊ ဆားစေ့ရပ်ကွက်၊ကမ်းနားလမ်း၊ မြတမာ ဘော်ဒါဆောင် မှ သူငယ်ချင်း များဖြစ်သော ကိုအောင်ကောင်းမြတ် တတိယနှစ်ဆေးကျောင်းသား၊ ဆေးရုံဝန်းနေထိုင်သူ နှင့် ကိုသက်ထက်အောင် တတိယနှစ်ဆေးကျောင်းသား၊ ကန်သာရပ်ကွက်၊ ၁၄ လမ်းနေထိုင်သူတို့ကို ဟွန်ဒါဒရင်း ၁၂၅ အစိမ်းရောင် ဆိုင်ကယ်ဖြင့်၎င်းတို့အားတင်ဆောင်ပြီး ကိုသက်ထက်အောင်နေထိုင်သော အဆောင်သို့ ပြန်လည်လိုက်ပို့ရာ နတ် မောက်လမ်းမှ သစ္စာလမ်းကွေ့၍ စီးနင်းလာခဲ့ကြောင်း၊  ထိုစဉ် အမည်မသိ လူငယ်ခြောက်ဦးတို့သည် ဆိုင်ကယ် သုံးစီးဖြင့်လိုက်ပါလာကြောင်း၊ သစ္စာလမ်းနှင့် မြင်သာ ၂၅ လမ်းထိပ်အရောက်တွင် လူငယ်ခြောက်ဦးတို့သည် ဆေးကျောင်းသားများကို ရိုက်နှက်သွားကြောင်း၊ ၎င်းဖြစ်စဉ်ကို အမှုမဖွင့်ကြောင်း၊ အမည်မသိလူငယ် ခြောက်ဦးအား နယ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ် ၀င်းကျော်ဦးနှင့် အဖွဲ့မှ လိုက်လံစုံစမ်းလျက်ရှိသည်ဟု ရဲမှတ်တမ်းအရ အတည်ပြု သတင်း ရရှိသည်။ 

အထက်ပါအမှုများနှင့် သြဂုတ်လအတွင်းမှ အခြားအမှုများ၏ ကွင်းဆက်များအရ သြဂုတ် ၂၄ ရက်နေ့ညတွင် ဆေးကျောင်းသားများကို ၀င်ရောက်ရိုက်နှက်ပြီး ဓားဖြင့်ထိုးသွားသော အမည်မသိလူငယ်များကို စက်တင်ဘာ ၇ ရက်နေ့မှာ မကွေးမြိုနယ်ရဲတပ်ဖွဲ့မှာ ဖမ်းဆီးရမိထားခဲ့ကြောင်း ၎င်းနေ့ရဲမှတ်တမ်းအရ စက်တင်ဘာ ၁၀ရက်နေ့တွင် အတည်ပြု၍ သတင်းရရှိသည်။

ပဲနို့(ခ)မြတ်နိုးကို၊ ချစ်ပြည့်၊ ချစ်သဲ(ခ)ငသဲ(ခ)ရဲဝင်း၊ သူရဇော်၊ ဖိုးခွား(ခ) ၀င်းကျော်ထွန်း(၂၀)နှစ်၊ ထင်ကျော် လင်း(၂၀)နှစ်နှင့် နေ၀ဠာထွန်း(ခ)၀ဠာထွန်း(၂၀)နှစ်၊ သူရဇော်၊ ထူးကြီး(ခ)အောင်သူ တို့ကို မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ မကွေးမြိုနယ် ရဲတပ်ဖွဲ့မှူးနှင့် နယ်ထိမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိပြီး၊ ဓါးဖြင့်ထိုးသူမှာ ဖိုးခွား(ခ) ၀င်းကျော်ထွန်းဖြစ်ကြောင်း၊ ၎င်းတို့အား စစ်ဆေးပြီး အမှုတည်ဆောက်၍ မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပြီးလျှင် အမှု၏ ဖြစ်စဉ်အသေးစိတ်ကို သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မကွေးမြို့နယ်ထိမ်းရဲတပ်ဖွဲ့ဝင်တစ်ဦးက မြေလတ်မီဒီယာ ကို စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြော၍ ကနဦးသတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: