``မကွေးဧရာဝတီတံတားထိပ်တွင် လူကုန်ကူးခံရသူများ(၃၀)ဦးအားကယ်ဆယ်၍ တရားခံကို ဖမ်းဆီး´´



စက်တင်ဘာ ၅၊ မကွေး ။

 မကွေးမြို့၊ မကွေးဧရာဝတီတံတားထိပ်တွင် စက်တင်ဘာ(၅)ရက်နေ့တွင် တာဝန်သိလုပ်သား ပြည်သူ တစ်ဦး၏ သတင်းပေးမှုကြောင့် နေ့လည်ပိုင်းအချိန်တွင် မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှရဲအုပ် သိန်းမြင့်ထွန်းတို့အဖွဲ့ စောင့်ဆိုင်း၍  စေတုတ္တရာ မှ မကွေးသို့လာသော ကြယ်တံခွန်မော် တော်ယာဉ် အားရပ်တန့် ဖမ်းဆီးရာ၊ ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းနှင့်ကားပစ္စည်းလုပ်ငန်းသို့ ပို့ဆောင်မည့် လုပ်သားများ ကျား(၂၃)ဦး၊ မ(၇)ဦး တို့နှင့်အတူ ပို့ဆောင်ပေးသူ ပွဲစား ဇော်မိုး(ခ) စိန်ကျော်လှိုင် ဆိုသူတို့အား မကွေးမြို့မရဲစခန်းသို့ ခေါ်ပြီးစစ်ဆေးဖမ်းဆီးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          မောင်ဇော်မင်းထက် (၁၈/၁၄)နှစ်၊(ဖ)ဦးဇော်မိုး၊ ၈/စတရ(နိုင်)၀၃၇၄၅၅ စေတုတ္တရာမြို့ ပါ ကျား(၂၃)ဦး နှင့် မပြုံးပြုံးရီ (၃၀/၁၄)နှစ်(ဖ)ဦးထွန်းခင်၊ ကြီးအုံကြီးဝရွာ၊ စေတုတ္တရာမြို့နယ်ပါ မ(၇)ဦးတို့အား စစ်ဆေးရာ ပို့ဆောင်ပေးသော ပွဲစားအား တစ်ဦးလျှင် မြန်မာငွေ (၂)သိန်းပေးရကြောင်း၊ တစ်နေ့လျှင် ထိုင်းဘတ်ငွေ သုံးထောင်၊ မြန်မာငွေ ၉၀၀၀ိ ကျပ်ရမည်ဖြစ်ကြောင်း ထွက်ဆိုကြသည်။ 

ခေါ်ယူလာသူပွဲစား ပို့ဆောင်ပေးသူ ဇော်မိုး(ခ) စိန်ကျော်လှိုင်(၅၇/၁၄)နှစ်၊(ဖ)ဦးခင်မောင်၊ ၈/မဘန(နိုင်) ၀၂၃၁၈၀၊ အမှတ်(၁)စံပြရက်ကွက်၊စေတုတ္တရာမြို့နေသူအား ဖမ်းဆီး၍ စက်တင်ဘာ ၅ ရက်၊ ညနေ ၅ နာရီခန့်တွင် မကွေးမြို့မရဲစခန်းမှာ (ပ)၁၆၈/၂၀၁၄ ပြစ်မှုပုဒ်မ ပြည်ပအလုပ်အကိုင်ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ မဇ္ဈိမ ကသတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: