``မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာ၊ ရွှေတောင်ကြီးဘုရားပွဲ၌ လူသတ်မှုဖြစ်ပွား´´



မင်းဘူး၊ စက်တင်ဘာ ၂၁ ။
မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာ၊ ရွှေတောင်ကြီးဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်ကျော်  ရက်များတွင် ကျင်းပကြောင်းသိရသည်။ စက်တင်ဘာ ၁၆ ရက်နေ့ညတွင် မြနန်းတော်ဇာတ်သဘင်အဖွဲ့ဖြင့် ဗလာပွဲကပြဖျော်ဖြေခဲ့ရာ လူသတ်မှုဖြစ်ပွားကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ဖြစ်စဉ်အကျဉ်းမှာ ၎င်း မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာ၊ ရွှေတောင်ကြီးဘုရားပွဲသို့ စက်တင်ဘာ ၁၆၊ ည ၇ နာရီအချိန်ခန့်တွင် ဇာတ်ပွဲကြည့်ရန်လာသော ကိုဝင်းခိုင်(၃၀)နှစ်(ဘ)ဦးဝင်း၊ တောင်သူ၊ မောင်းမကန်ကျေးရွာ သားနှင့် ၎င်း၏ညီ ထွန်းထွန်းနိုင်(၂၁) တို့သည် တစ်ရွာတည်းနေ သူငယ်ချင်းများ ထွန်းဇော်လွင်၊ ဖိုးသန်းဇော်၊ ကျော်လွင်၊ အောင်အောင်၊ အောင်နိုင်ဝင်း၊ အောင်ကိုဝင်း၊ တင်နိုင်ဖြိုး နှင့် စိုးထွေး တို့ဖြင့် ပွဲခင်းသို့ရောက်ရှိလာ ပြီးထိုင်နေခဲ့ကြောင်း၊ ထိုနေရာမှ ထမင်းစားရန် ပွဲခင်းထမင်းဆိုင်ဘက်သို့ထွက်လာစဉ် ဇာတ်ခုံဘေး၌ ရန်ဖြစ်နေ ကြောင်းသိရ၍ ပြန်လှည့်လာစဉ် ကိုဝင်းခိုင်နှင့်အဖွဲ့အား အမည်မသိသူများမှ ခဲများ၊ ကြံရိုးများဖြင့် ပြစ်ပေါက်ပြီး ကိုဝင်းခိုင်အား ဓားဖြင့် အထိုးခံရကြောင်း၊ ကိုဝင်းခိုင်၏ ဒဏ်ရာများသဖြင့် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ခဲ့ရာ လမ်း၌ ကိုဝင်းခိုင် သေဆုံးသွားကြောင်း၊ ၎င်း၏ညီ ထွန်းထွန်းနိုင် လက်မောင်းနှင့် ၀ဲခါးစပ်များတွင် ထိုးသွင်းဒဏ်ရာ သုံးချက်စီ၊ ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာများ သုံးချက်(စိုးရိမ်ရ)၊  စိုးထွေး(၂၆) နှစ်အားလည်း ဦးခေါင်း၌ ပေါက်ပြဲ ဒဏ်ရာများ သုံးချက်စီ(စိုးရိမ်ရ) ကြောင်း၊ အခြားသူများ၌ ထိခိုက်ဒဏ်ရာ မရရှိကြောင်း၊ ၎င်းဖြစ်စဉ် လူသတ်မှုအား ကိုထွန်းထွန်းနိုင် မှ တရားလိုပြုလုပ်ပြီး စက်တင်ဘာ ၁၆ ရက်၊ ည ၁၁း ၃၀ အချိန်ခန့်တွင် မင်းဘူးမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြား၍ (ပ)၁၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/၃၂၅ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာ မှ စက်တင်ဘာ ၂၀ ရက်နေ့တွင် မြေလတ်မီဒီယာ ကသတင်းရရှိသည်။

မြေလတ်မီဒီယာ
 

0 comments: