`အများပြည်သူများသွားလာသော လမ်းမြေပေါ်ရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များ မကွေးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လျှောက်ထားရမည်ဟုဆို´
၂၀၁၂ ၊ ဧပြီလ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန် မကွေးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် မကွေးမြို့တွင်းရှိ ရပ်ကွက်ပေါင်းစုံ၊ ကန်သာရပ်ကွက်၊ မြင်သာရပ်ကွက်၊ အောင်ရတနာရပ်ကွက်၊ရန်ကင်းရပ်ကွက်၊ ပြည်တော်သာလမ်း၊ မဲထီးလမ်း၊အဝေရာလမ်း၊ သုခီတာလမ်း နှင့် မြို့ရှောင်လမ်းမတွင် အများပြည်သူများသွားလာသော လမ်းမြေပေါ်ရှိ လုပ်ငန်းနှင့် ဈေးဆိုင်များအားလုံး၏ ပိုင်ရှင်များနှင့် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင် တို့ မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။ ဈေးဆိုင်ပိုင်ရှင်(၁၀၀)ကျော်ခန့်တက်ရောက်လာကြသည်။
မကွေးမြို့ပေါ်တွင် အများပြည်သူ သွားလာအသုံးပြုသော လမ်းမြေ၊ ပလက်ဖောင်းပေါ်တွင် ထားရှိလုပ်ကိုင် ဆောင်ရွက်လျှက်ရှိသောပစ္စည်းများ၊သစ်၊၀ါး၊သက္ကယ်နှင့် အိမ်ဆောက်ပစ္စည်များ၊ သံထည်ပစ္စည်းများစုပုံ ထားရှိခြင်း၊ ကားပြုပြင်သည့်အလုပ်ရုံများမှ မော်တော်ကားများကို လမ်မြေပေါ်တွင်ထားရှိပြုပြင်ခြင်း၊ စားသောက်ဆိုင်/လက်ဖက်ရည် ဆိုင်များမှ စားပွဲ၊ ကုလားထိုင်များကို မိမိဆိုင်၏ ဧရိယာထက်ကျော်လွန်ကာ လမ်းမြေပေါ်တွင် ခင်းကျင်းရောင်းချခြင်းတို့ကို ရှင်းလင်းဖယ်ရှားပေးရန် အကြောင်းကြားစာအား ၂၀၁၂ ခု မတ်လ(၉)ရက်နေ့စွဲဖြင့် သက်ဆိုင်ရာ ဆိုင်ရှင်များထံသို့ အကြောင်းကြားစာများ ပေးပို့ထားခဲ့ပြီး ယင်းကိစ္စများကို (၃၀-၄-၂၀၁၂)နေ့ နောက်ဆုံးထား၍ ရှင်းလင်းပေးရမည်ဖြစ် ကြောင်းသတင်းရရှိခဲ့သည်။ သို့သော် လုပ်ငန်းရှင်များနှင့် ဆိုင်ပိုင်ရှင်များမှာ ကြော်ငြာထားသည့်အတိုင်း ဆောင်ရွက်ခြင်း မရှိကြ၍ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်မှ ယနေ့ အစည်းအဝေးခေါ်၍ ပေါင်းစပ်၊ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။
မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်မှ မြို့နယ်စည်ပင်သာယာရေးဥပဒေ ဘိုင်လောများကို ဖတ်ကြားရှင်းလင်းပြသည်။ အဓိက ပလက်ဖောင်းပေါ်သို့ ကျူးကျော် ရောင်းချနေသော သစ်၊၀ါး၊သက္ကယ်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များ နှင့် ပစ္စည်းအဟောင်း ဆိုင်များကို ၂၀၁၂ ခု မေလ(၁၀)ရက်နေ့အတွင်း ရှင်းလင်းဖယ်ရှားပေးကြရန် နှင့် ပလက်ဖောင်းပေါ်သို့ ကျူးကျော်ဈေးဆိုင်များအားလုံး မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လျှောက်လွှာတင်ရမည်။ စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းတိုင်းတာ၍ စည်ပင်သာယာရေး ဥပဒေနှင့် အညီ ခွင့်ပြုသင့်သည်များကို ခွင့်ပြုပေး၍ ဥပဒေနှင့် မညီသောဆိုင်များအား ရှင်းလင်းဖယ်ရှားရမည် ဟု သိရသည်။
သစ် ၀ါး သက္ကယ် ရောင်းဝယ်ရေးဥက္ကဋ္ဌမှ ` ကျွန်တော်တို့ကို စက်သုံးဆီ အရောင်းဆိုင်များလို မြို့ပြင်မှာ မြေနေရာများချထားပေးမယ်ဆိုရင် မြို့ပြင်သို့ထွက်ပြီး ရောင်းချလိုပါတယ်ခင်ဗျာ´ ဟု ဆွေးနွေးပြောဆိုပါတယ်။ ဦးနေမျိုးနိုင်မှ သက်ဆိုင်ရာသို့တင်ပြပေးမည်ဟု ဖြေဆိုပါသည်။
လမ်းဘေးဈေးကောက် BOT စနစ်အရ နေ့စဉ်ဈေးကောက်နေခြင်းအား စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးမှ ``ကျမတို့ စားသောက်ဆိုင်တွေက လမ်းဘေးထိုင်ခုံများခင်းတဲ့ကိစ္စကို ယခု စည်ပင်သာယာရေးရုံးအဖွဲ့သို့ လျှောက်ထား လို့ ခွင့်ပြုမိန့်ရပြီး ကျသင့်တဲ့ အခွန်ဆောင်ပြီးရင်ကော နေ့စဉ်လမ်းဘေးဈေးကောက်တွေက ပေးနေရအုံးမှာလား?။ ယခု ကျမတို့မှာ လမ်းဘေးဈေးကောက်ကိုအကျယ်အ၀န်းအလိုက် တစ်လ (၁၀၀၀၀ိ) (၁၅၀၀၀ိ) ပေးနေရပါတယ်။ အဲဒီ နေ့စဉ်ဈေးကောက်ကို ထပ်ပေးရမှာလားရှင်´ဟု မေးမြန်းသည်။ ` လမ်းဘေးကျူးကြော်ဆိုင်ဆိုတာ ယာယီလာရောက် ဈေးရောင်းတဲ့ဆိုင် ဥပမာ၊ ခေါင်းရွက်ဗျတ်ထိုး ယာယီဈေးသည်များ၊ ကွမ်းယာဆိုင်လို လမ်းဘေးမြေပေါ်မှာ ဆိုင်ခင်းကျင်းရောင်းချတာဆိုရင် နေ့စဉ်ဈေးကောက် ပေးရပါ့မယ်။ လက်ရှိဆိုင်ခန်းရှေ့ထွက်ပြီး ကျူးကြော်ခင်းကျင်းရောင်း ချတဲ့ ဆိုင်တွေ၊ လက်ရှိ ဆိုင်မကြီးကနေ အမိုးအဖီဆွဲချပြီး ရောင်းချတဲ့ဆိုင်တွေက ကျွန်တော်တို့ဆီကို လျှောက်လွှာတင်ပြီး ခွင့်ပြုမိန့်ယူပြီး လိုင်စင်ဆောင်ရမယ်။ ကျသင့်တဲ့ လိုင်စင်ငွေပေးဆောင်ထားရင် မလိုဘူးလို့သာ ဖြတ်ချင်ပါတယ်။´ ဟု အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်မှ ဖြေဆိုသွား ၍ သတင်းရယူခဲ့ပါသည်။
အထက်ပါအတိုင်း သဘောတူညီခဲ့ကြသော်လည်း (၁၀-၅-၂၀၁၂) နေ့အထိ လိုက်နာဆောင်ရွက်ခြင်းမရှိ၍ လမ်းမြေပေါ် တွင်ကျူးကျော်ထားရှိသောပစ္စည်းများ၊ ဈေးဆိုင်များအား (၁၃-၅-၂၀၁၂)နေ့ နောက်ဆုံးထားပြီး ရှင်းလင်းဖယ်ရှားပေးရန် နှင့် လမ်းမြေဧရိယာသုံးစွဲခွင့် တင်ပြလျှောက်ထားကြရန် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စာအမှတ်(၈၆၆/ဃ-၁(၆က)/မက-၃(၀၀၁) ဖြင့် ၂၀၁၂၊မေလ(၁၆)နေ့တွင် သက်ဆိုင်သူများထံသို့ထပ်မံအကြောင်းကြား ထားကြောင်း၊ လိုက်နာဆောင်ရွက်မှုမရှိပါက စည်ပင်သာယာရေးအဖွဲ့များ ဥပဒေအရ တရားစွဲဆိုအရေးယူသွားမည်ဖြစ် ကြောင်း ဖော်ပြ သိရှိရပါသည်။
သတ်မှတ်စည်းကမ်းချက်အား လိုက်နာရန် ကျန်ရှိနေသော ဈေးဆိုင်များကို မေးမြန်း စုံစမ်းကြည့်ရာ ``ကျမတို့က စည်ပင်သာယာက ထုတ်ပြန်တဲ့ စည်းကမ်းကို မလိုက်နာချင်လို့ မဟုတ်ပါဘူး။ ယခုအချိန်က မကွေးမြို့နယ်မှာ စိုက်ချိန်ပျိုးချိန်ဆိုတော့ ငွေရေးကြေးရေးက တော်တော်ကို ကြပ်တည်းကြပါတယ်။ တောကလူတွေ မြို့တက်မလာနိုင်တော့ ဈေးကလည်း ရောင်းမကောင်းတဲ့ ကာလကြီး ဖြစ်နေပါတယ်။ ကလေးတွေ ကျောင်းအပ်ဖို့ကိုတောင် စိတ်ပူနေရတဲ့အချိန်ပါ။ စည်ပင်သာယာကိုလည်း လုပ်ငန်းလိုင်စင်ခွန် ဆိုင်းဘုတ်ခွန် ဈေးကောက် စတဲ့ တောင်းတဲ့ အခွန် အခများကို၊ နှစ်စဉ်၊လစဉ်၊ နေ့စဉ်ဆောင်ပေးနေပါတယ်။ သူတို့ စည်ပင်သာယာဌာနကလည်း မြို့ပြစည်ကားရေးကို ဆောင်ရွက်နေတာဖြစ်တော့ အပြစ်မပြောချင်ပါဘူး။ ဒါပေမယ့် ကျမတို့ ဈေးသည်မိသားစုတွေရဲ့ မျက်နှာကိုထောက်ထားညှာတာပြီး အခြေအနေနဲ့ အချိန်အခါလေးကို စောင့်ပြီး ဆောင်ရွက်ပေးစေချင်ပါတယ်ရှင်´´ဟု အသက်(၅၀) အရွယ် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက မြန်မာပို့စ် ဂျာနယ်သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။
ဝိုင်းကြည်အောင်
Artikel `အများပြည်သူများသွားလာသော လမ်းမြေပေါ်ရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များ မကွေးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လျှောက်ထားရမည်ဟုဆို´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 8, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `အများပြည်သူများသွားလာသော လမ်းမြေပေါ်ရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များ မကွေးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လျှောက်ထားရမည်ဟုဆို´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment