`မိုးဦးကျချိန်မှာ တောင်သူများ ကံကိုသာ အားကိုးပြီး စိုက်ပျိုးထားရ´
မကွေးမြို့နယ်တွင်းမှ တောင်ဘက်၊ မြောက်ဘက် ရှိ ကျေးရွာတွင် ဒီနှစ်မိုးဦးကျစောသည်ဟု ပြောဆိုသံကြားရသည်။ ယခင်နှစ်ထက် (၂၅)ရက်လောက် စောမယ်ထင်တယ်ဟု သိရ၏။ မကွေးမြို့တောင်ဘက် မြောက်ဘက်ရွာများမှာ ၆-၄-၂၀၁၂ နေ့က တစ်မိုးရွာပြီး ၈-၅-၂၀၁၂ နေ့များမှာ တစ်မိုးရွာကြောင်းသိရသည်။ ၎င်း မိုးများဖြင့် အညာဒေသစိုက်ပျိုးသော ယာခင်းများတွင် မြေပဲ၊ နှမ်းများ စတင်စိုက်ပျိုးကြကြောင်းမြင်တွေ့ခဲ့၏။ (၁၆-၅-၂၀၁၂)နေ့တွင် ရွှေထနောင်း ပဲအထူးပြုကုမ္ပဏီသို့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရန် လာသော မန်ကျည်းကန်ရွာမှ တောင်သူကြီး ဦးမျိုးဌေး နှင့် တွေ့ဆုံပြီး ယခုနှစ် မိုးဦးကျတွင် မြေပဲနှင့် နှမ်းစိုက်ပျိုးရေးအကြောင်း မေးမြန်းခဲ့ပါ၏။
`ကျွန်တော်တို့ရွာက ယာခင်းတွေမှာ ၆-၄-၂၀၁၂ နေ့ မိုးရွာလို့ မြေပဲကျဲပြီး စိုက်ပျိုးခဲ့ပါတယ်။ ယခု ဒီနေ့ ၁၆-၅-၂၀၁၂ နေ့ဆိုရင် မြေပဲပင်က ရက် (၃၈)ရက်သား ဖြစ်နေပါပြီ။ မိုးလေ၀သ ပုံမှန်အတိုင်းကောင်းရင်တော့ စပြီး မျိုးဆံချတဲ့ရက်ကနေ မြေပဲ ဖော်တဲ့ရက်အထိဆိုရင် ရက်ပေါင်း(၉၀-၁၀၀) သာကြာပါတယ်။ မျိုးမြေပဲဆံဈေးနှုန်းက (၁၅) ပိသာ(၁)တင်းကို (၃၅၀၀၀ိ) သုံးသောင်းခွဲဝယ်ရပါတယ်။ ပဲဆံမျိုးကတော့ တွန်တာနီ(အနီရောင်)ပါ။ တစ်ဧကို ပဲဆံ(၂)တင်းကျ စိုက်ပျိုးရပါတယ်။ ထွက်နှုန်းကတော့ မိုးကောင်ရင်ပေါ့နော် တစ်ဧက ပဲဆံ(၂)တင်းကျဲရင် မြေပဲအတောင့် (၇၅-၈၀) တင်းခန့်ထွက်တယ်။ အဲဒီပဲတောင့်ကို ပဲဆံခွဲလိုက်ရင် တစ်ဧကကို ပဲဆံ (၂၀) တင်းခန့်ထွက်ပါတယ်။ စိုက်ပျိုးစရိတ်ကတော့ တစ်ဧကမှာ ပဲဆံဘိုးနဲ့ မြေသြဇာဘိုး အလုပ်သမားခ အပါအ၀င်ဆိုရင် (၂)သိန်းခွဲ (၃)သိန်းခန့်ကုန်ပါတယ်။ကျွန်တော်ဆိုရင် မြေပဲနဲ့ နှမ်းကို ဧက(၃၀)လောက်စိုက်ပျိုးထားပါတယ်။ တောင်သူကြီးစာရင်းဝင်ပေါ့။
နောက် နှမ်းမျိုးကျတော့ မျိုးစေ့အတွက် စရိတ်သက်သာပါတယ်။ နှမ်းမှာ အဖြူ၊ အနီ၊ အနက် သုံးမျိုးရှိပါတယ်။ မျိုးနှမ်းဖြူတစ်တင်းမှ ငွေကျပ်(၃၀၀၀၀ိ) သုံးသောင်းခန့်ဝယ်ရပါတယ်။ တစ်ဧကမှာ နှမ်း(၆)ပြီလောက်ကျရပါတယ်။ ကုန်ကျငွေကတော့ တစ်ဧကမှာ(၂)သိန်းခွဲ(၃)သုံးလောက်ပဲကျပါတယ်။ နှမ်းက မြေဆီပိုပြီး သုံးပေးရတယ်။ နှမ်းက မိုးမရွာခင်(၁)လ၊ (၂)လောက်ကနေ ယာခင်းထဲမှာ ကြိုတင်ပြီး မိုးမရွာဘဲ နှမ်းမျိုးစေ့ချစိုက်ထားလို့ရပါတယ်။ နှမ်းက တစ်ဧကမှာ (၅-၁၀)တင်းခန့် မိုးလေ၀သ အခြေနေပေါ်မူတည်ပြီး ထွက်ပါတယ်။ နှမ်းက မိုးနည်းနည်းလေးရွာရင် မကြိုက်ပါဘူး။ ပူစပ်ပူလောင်ဖြစ်သွားရင် နှမ်းပင်တွေက ငိုက်ကျပြီး သေကုန်ပါတယ်။ ဒါကြောင့် တစ်ချို့က နှမ်းကျဲပြီး ယခု ရက်(၄၀)လောက်မှာ မိုးကမလိုက်ရင် နှမ်းခင်းတွေကို ဖျက်ပြီး ပြန်ကျဲကြပါတယ်။ နှမ်းဖြူရဲ့ စိုက်ပျိုးရက်က ရက်ပေါင်း(၈၅)လောက် ကြာပါတယ်။ ယခုအထိ မြေပဲက စိုးရိမ်စရာမရှိပါဘူး။ နှမ်းကတော့ ယခုမိုးကို မျှော်နေရပါတယ်။
ကျွန်တော်တို့ တောင်သူတွေဟာ မိုးရွာမှာကို မျှော်ကိုးပြီး ကံတိုက် စိုက်ပျိုးကြရပါတယ်။ မိုးလေ၀သ မမှန်လို့ ကံချော်သွားတဲ့နှစ်တွေဆိုရင် အဲဒီနှစ် အကြွေးတွေ တင်သွားကြရပါတယ်ဗျာ..။ ဟု ဦးမျိုးဌေး မှပြောဆို၏။ ထိုစဉ် ဘေးတွင်နားထောင်နေသူ အသက်(၈၀)ခန့်ရှိ တောင်သူကြီးတစ်ဦးမှ ၀င်၍ ဤဆိုပါသည်။`` ဒါကြောင့် ကျွန်တော်တို့ တောင်သူတွေမှာ ကံ ဥာဏ် ၀ိရိယ (၃)ဖြာမှာ တစ်ခုခုက လိုသွားရင် အရှုံးပေါ်ကြရပါတယ်။ ဒါကြောင့် မိုးလေ၀သ များ (၂)နှစ်(၃)နှစ်ကြီးတောင် မိုးခေါင်သွားလို့ကတော့ တောင်သူ အငယ်စားလေးတွေ ခိုင်းတဲ့နွားတွေရောင်းစားရ၊ လုပ်ကိုင်စားသောက်ရတဲ့ ယာခင်းတွေကို သူများဆီပေါင်ကျရပါတယ်။ ဒီလိုဘေးအန္တရာယ်ကပ်ဆိုးကနေ လွှတ်အောင် မိုးလေ၀သ ကောင်းပါစေ၊ မိုးလေ၀သ ရာသီဥတုမှန်အောင်လဲ ရှေးလူကြီးတွေဆုတောင်းခဲ့ကြသလို မင်းကောင်း မင်းမြတ်များ မင်းကျင့်တရားနှင့် ပြည့်ဝသူများထွန်းကား လာနိုင်ကြပါစေလို့သာ ဆုတောင်းနေကြရပါ တယ်ဗျာ..။´´တောင်သူကြီး ဘကြီးပြားမှ မြန်မာပို့စ် သတင်းဂျာနယ်သို့ပြောဆိုသွားသည်။
ဝိုင်းကြည်အောင်
Artikel `မိုးဦးကျချိန်မှာ တောင်သူများ ကံကိုသာ အားကိုးပြီး စိုက်ပျိုးထားရ´ ini dipublish oleh shwelannwelanwinkyi pada hari Friday, May 18, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မိုးဦးကျချိန်မှာ တောင်သူများ ကံကိုသာ အားကိုးပြီး စိုက်ပျိုးထားရ´
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment